၁၆. ၁. ၂၀၂၆
Written by Nyein Kyaw
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး ယာယီတာဝန်ခံအဖြစ် မြန်မာနိုင်ငံနှင့် စိမ်းသူမဟုတ်သော ဒေါက်ဂလပ်စ်အီးဆောန်နစ်ခ်က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
ယခင်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်သည် ယခု ဇန်နဝါရီလလယ်တွင် တာဝန်ပြီးဆုံးခဲ့ပြီးနောက် ဒေါက်ဂလပ်စ်အီးဆောန်နစ်ခ်က ဆက်လက်တာဝန်ယူသွားမည်ဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံနှင့် စိမ်းသူမဟုတ်ဘဲ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် အရေးပါသော အချိုးအကွေ့ကာလဖြစ်သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ သံရုံး၏ နိုင်ငံရေးနှင့် စီးပွားရေးဌာနကို ဦးဆောင်ခဲ့သူဖြစ်သည်။
ဒေါက်ဂလပ်စ်အီးဆောန်နစ်ခ်၏ ဒေသတွင်းအခြေအနေများအပေါ် နက်နက်ရှိင်းရှိင်း နားလည်မှုနှင့် ကာလရှည်ကြာ တည်ဆောက်ထားခဲ့သည့် ဆက်ဆံရေးများက သံရုံး၏ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုမှ မြန်မာပြည်သူများအပေါ် ထားရှိသည့် နှစ်ပေါင်း ၈၀ နီးပါး ကြာမြင့်ပြီဖြစ်သော ကတိကဝတ်များကို ဆက်လက်ဖော်ဆောင်သွားမည့် ဤဦးဆောင်မှုအခန်းကဏ္ဍသစ်တွင် ဒေါက်ဂလပ်စ်အီးဆောန်နစ်ခ်ကို မိမိတို့နှင့်အတူ နွေးထွေးစွာ ကြိုဆိုပေးကြရန် ဖိတ်ခေါ်အပ်ပါသည်ဟု အမေရိကန်သံရုံးမှ ဖော်ပြထားသည်။
