သက်တံ့
၁၆. ၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ နခွန်ရက်ချာစီးမားပြည်နယ်၊ ကိုရတ်မြို့တွင် ထိုင်း-တရုတ် Belt and Road Initiative (BRI) လမ်းပိုင်း တည်ဆောက်ရေးစီမံကိန်းမှ ကရိန်းပြိုကျပြီး ခရီးသည်တင်ရထားပေါ် ပိမိခဲ့သည့် ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသည်ဟု ကနဦးသတင်းထွက်ပေါ်ခဲ့သူ သုံးဦးကို ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်တွေ့ရှိခဲ့ပြီး လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၅ ရက် (မနေ့က)က အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါ သေဆုံးမှုများပြားခဲ့သည့် ဖြစ်စဉ်သည် ဇန်နဝါရီ ၁၄ ရက် (ဗုဒ္ဓဟူးနေ့) က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘန်ကောက်-နောင်ခိုင် အမြန်ရထားလမ်း စီမံကိန်းအတွက် အထပ်မြင့်ရထားလမ်း တည်ဆောက်နေသည့် ကရိန်းတစ်ခုသည် အောက်ဘက်ရှိ ရထားသံလမ်းပေါ်တွင် ခုတ်မောင်းနေသော ခရီးသည်တင်ရထားပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်သည်။


ကရိန်းပိမိသည့် ဒဏ်ကြောင့် ဒုတိယတွဲတွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး ခရီးသည်အများအပြား ပိတ်မိနေခဲ့သော်လည်း ပထမတွဲနှင့် တတိယတွဲရှိ ခရီးသည်များကိုမူ ဘေးကင်းရာသို့ ကယ်ထုတ်နိုင်ခဲ့သည်။ ၎င်းဖြစ်စဉ်အတွင်း သေဆုံးသူ ၃၂ ဦးနှင့် ဒဏ်ရာရရှိသူ ၆၄ ဦးရှိကြောင်း တာဝန်ရှိသူများက အတည်ပြုထားသော်လည်း ရထားပေါ်ပါရှိသည်ဟု စာရင်းသွင်းထားသည့် ခရီးသည် သုံးဦးမှာ ပျောက်ဆုံးနေခဲ့သဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့ရသည်။
ပျောက်ဆုံးနေသူများအား ရှာဖွေခြင်းကို ဇန်နဝါရီ ၁၅ ရက်အထိ လုပ်ဆောင်ခဲ့ပြီးနောက် မဟာရတ် နခွန်ရက်ချာစီးမား ဆေးရုံအုပ်ကြီး Jade Boonyawongwiroj က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရှာဖွေရေးလုပ်ငန်းစဉ် ပြီးဆုံးပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ကြေညာချက်တွင် ပျောက်ဆုံးနေသူ သုံးဦးအား အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ပြီး ဆေးရုံများတွင် အနီးကပ် ဆေးကုသမှု ခံယူနေကြောင်း ၎င်းက အတည်ပြုခဲ့သော်လည်း လူနာများ၏ အခြေအနေအသေးစိတ်နှင့် ကနဦးတွင် မည်သည့်အကြောင်းကြောင့် လူပျောက်စာရင်းဝင်ခဲ့သည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
လတ်တလောတွင် မှုခင်းဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များက သေဆုံးသူများ၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်နှင့် ရုပ်အလောင်းများကို မိသားစုဝင်များထံ လွှဲပြောင်းပေးအပ်နိုင်ရန် စီစဉ်လျက်ရှိသည်။
နစ်နာကြေးပေးအပ်ရေးနှင့် ပတ်သက်၍ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် သေဆုံးသူတစ်ဦးလျှင် အနည်းဆုံး ဘတ် ၁ သန်းထက်မနည်း နစ်နာကြေးပေးအပ်ရမည်ဟု ပြောကြားခဲ့သည်။


Post Today သတင်းဌာန၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံတော်ရထားလမ်း (SRT) က သေဆုံးသူမိသားစုများအတွက် သင်္ဂြိုဟ်စရိတ် ဘတ် ၈၀,၀၀၀ နှင့် ငွေကြေးထောက်ပံ့မှု ဘတ် ၂၆၀,၀၀၀ ပေးအပ်မည်ဖြစ်ပြီး အာမခံကုမ္ပဏီကမူ သေဆုံးသူတစ်ဦးလျှင် ဘတ် ၁၅၀,၀၀၀ ပေးအပ်မည်ဖြစ်သော်လည်း တည်ဆောက်ရေးကုမ္ပဏီဖြစ်သည့် အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီ: တည်ဆောက်ရေးကုမ္ပဏီဘက်မှ နစ်နာကြေးပေးအပ်မည့် အစီအစဉ်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော် အဆိုပါ ကရိန်းမတော်တဆမှုအတွက် တရုတ်နိုင်ငံဘက်က ITD ကို ထိုင်းဘတ် သန်း ၉၀ ကူညီပေးထားသည်ဟုလည်း သိရသည်။
ယင်းလျော်ကြေးများအပြင် ဒဏ်ရာရရှိသူများအတွက် ဆေးကုသစရိတ်အားလုံးကို အခမဲ့ကုသပေးမည့်အပြင် ပျက်စီးဆုံးရှုံးသွားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ပစ္စည်းများအတွက်လည်း လျော်ကြေးပေးအပ်မည်ဖြစ်သည်။ ထို့ပြင် တာဝန်ရှိသူများသည် ဒဏ်ရာရရှိသူများထံ လူကိုယ်တိုင် သွားရောက်တွေ့ဆုံကာ တစ်ဦးလျှင် ဘတ် ၅,၀၀၀ စီ ထောက်ပံ့ပေးမည်ဖြစ်သည်။
လက်ရှိတွင် ကရိန်းပြိုကျရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
Ref : The Thaiger
