သက်တံ့
၁၆. ၁. ၂၀၂၆
မြန်မာနိုင်ငံရှိ တရုတ်သံရုံးသည် ၎င်းတို့၏ နိုင်ငံသားများအား နယ်စပ်ဖြတ်ကျော် အိမ်ထောင်ရေး လိမ်လည်မှုများနှင့် တရားမဝင် အလုပ်အကိုင်ဆိုင်ရာ အငြင်းပွားမှုများအပေါ် ကြာသပတေးနေ့က အထူးသတိပေးချက် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် အွန်လိုင်းပေါ်ရှိ အိမ်ထောင်ဘက် ရှာဖွေပေးသည့် ကြော်ငြာများကို မယုံကြည်ရန်နှင့် “နိုင်ငံခြားသားဇနီးကို ငွေဖြင့်ဝယ်ယူခြင်း” ဆိုသည့် အယူအဆများကို ရှောင်ကြဉ်ရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တိုက်တွန်းထားသည်ဟု တရုတ်အစိုးရပိုင် သတင်းဌာန Global Times က ယနေ့ ဖော်ပြသည်။
မြန်မာနိုင်ငံရှိ တရုတ်သံရုံး၏ ဝဘ်ဆိုက်တွင် ဖော်ပြထားသော ထုတ်ပြန်ချက်အရ မကြာသေးမီကာလအတွင်း မြန်မာနိုင်ငံ၌ ထိုကဲ့သို့သော ဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နယ်စပ်ဖြတ်ကျော် အိမ်ထောင်ပြုခြင်းနှင့် ဆက်စပ်နေသည့် ဘေးအန္တရာယ်များကို တရုတ်နိုင်ငံသားများ အထူးသတိပြုရန် သံရုံးက သတိပေးချက်တွင် တရုတ်နိုင်ငံ၏ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ မည်သည့် အိမ်ထောင်ဖက်ရှာဖွေရေး အကျိုးဆောင်အဖွဲ့အစည်းမှ နယ်စပ်ဖြတ်ကျော် အိမ်ထောင်ရေး ပွဲစားလုပ်ငန်းများကို လုပ်ကိုင်ခြင်း (သို့မဟုတ်) အသွင်ပြောင်းလုပ်ကိုင်ခြင်း မပြုရသလို၊ မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှ လိမ်လည်လှည့်ဖြားသည့် နည်းလမ်းများဖြင့် ဖြစ်စေ၊ အကျိုးအမြတ်အတွက် ဖြစ်စေ ထိုသို့သော လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်း မပြုရန် တားမြစ်ထားသည်။
မြန်မာနိုင်ငံသည် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သံရုံးက ဆိုသည်။ အိမ်ထောင်ဖက် ရှာဖွေခအဖြစ် ပွဲစားခ မြောက်မြားစွာ ပေးချေခြင်း သို့မဟုတ် “တင်တောင်းငွေ” ဟု အမည်တပ်ကာ “အိမ်ထောင်ရေးကို ဝယ်ယူခြင်း” တို့သည် လူကုန်ကူးမှု သံသယဖြင့် ဖမ်းဆီးခံရနိုင်ပြီး ရှည်လျားသော တရားစွဲဆိုမှုများ ရင်ဆိုင်ရခြင်း သို့မဟုတ် ထောင်ဒဏ် ကျခံရခြင်းများအထိ ဖြစ်ပွားနိုင်ကြောင်း သံရုံးက သတိပေးထားသည်။
ထို့အပြင် တရုတ်နိုင်ငံသားများအနေဖြင့် အိမ်ထောင်ရေး လိမ်လည်မှုများကို သတိထားရန်၊ လူမှုကွန်ရက် စာမျက်နှာအမျိုးမျိုးပေါ်ရှိ နယ်စပ်ဖြတ်ကျော် အိမ်ထောင်ဖက် ရှာဖွေပေးသည့် ကြော်ငြာများကို မျက်စိမှိတ် မယုံကြည်ရန်၊ “နိုင်ငံခြားသားဇနီးကို ငွေဖြင့်ဝယ်ယူနိုင်သည်” ဆိုသည့် မှားယွင်းသော အယူအဆကို စွန့်လွှတ်ရန် တရုတ်သံရုံးက အကြံပြုထားသည်။
ယင်းအပြင် နယ်စပ်ဖြတ်ကျော် အိမ်ထောင်ရေးများသည် နှစ်ဦးသဘောတူညီမှုနှင့် စစ်မှန်သော သံယောဇဉ်အပေါ်တွင်သာ အခြေခံသင့်ကြောင်း၊ “အိမ်ထောင်ရေးကို ဝယ်ယူခြင်း” သည် ငွေကြေး အဓမ္မတောင်းခံ ခံရခြင်း၊ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်ခံရခြင်းတို့အပြင် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် ငွေကြေးဆုံးရှုံးမှုများကိုသာ ဖြစ်ပေါ်စေနိုင်ကြောင်း သံရုံးက ထောက်ပြထားသည်။
ထို့အပြင် နိုင်ငံခြားသား နေထိုင်ခွင့်လက်မှတ်များနှင့် အိမ်ထောင်ရေး မှတ်ပုံတင်ခြင်းများကို ဒေသတွင်း ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ဥပဒေချိုးဖောက်ခြင်း သို့မဟုတ် ဥပဒေချိုးဖောက်ရာတွင် ကူညီခြင်းတို့သည် ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရနိုင်ကြောင်း သတိပေးထားသည်။
တစ်ဆက်တည်းမှာပင် တရုတ်သံရုံးက မိမိတို့နိုင်ငံသားများအား မြန်မာနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်ခြင်း မပြုရန်လည်း သတိပေးထားသည်။ အလုပ်သမားများအနေဖြင့် တရားဝင်လိုင်စင်ရ အကျိုးဆောင်များမှတစ်ဆင့်သာ သွားရောက်ရန်၊ တရားဝင် စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးရန်နှင့် တရားမဝင် အလုပ်အကိုင်ဆိုင်ရာ ဘေးအန္တရာယ်များကို ရှောင်ရှားနိုင်ရန်အတွက် နီးစပ်ကျွမ်းဝင်သူများမှတစ်ဆင့် “လစာကောင်းသည်” ဆိုသော တရားမဝင် ကမ်းလှမ်းချက်များကို သတိထားရန် တိုက်တွန်းထားသည်။
Ref : Global Times
