◾️ယခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် လုပ်ငန်း (၅၃) ခု၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း (၂၀၈) ခုအထိ နာဂဒေသဖွံဖြိုးတိုးတက်ရေးအတွက် အကျိုးပြုဆောင်ရွက်ပေးနိုင်ခဲ့
၁၆. ၁. ၂၀၂၆
Written by Nyein Kyaw
နာဂဒေသတည်ငြိမ်အေးချမ်းမှုရှိနေခြင်းကြောင့် ဒေသဖွံ့ဖြိုးတိုးတက်များကို တစ်နှစ်ထက်တစ်နှစ် ပိုမိုဆောင်ရွက်ပေးနိုင်ခြင်းကြောင့် နာဂဒေသရှိ ပြည်သူများ အဆိုပါတည်ငြိမ်အေးချမ်းမှု မပျက်ယွင်းအောင် ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ယမန်နေ့က ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် ပြောကြားသည်။

မိမိတို့နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ခိုင်မာအောင်တည် ဆောက်ပြီး စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရန်အတွက် တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေးကို လိုလားမှုနှင့် ပူးပေါင်းပါဝင်မှုတို့သည် အဓိကသော့ချက်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားသည်။
နာဂဒေသသည် တည်ငြိမ်အေးချမ်းသည့် ဒေသဖြစ်သည့်အတွက် ကဏ္ဍအလိုက် လိုအပ်သည်များကို နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် လုပ်ငန်း (၅၃) ခု၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း (၂၀၈) ခုတို့ကို နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားသည်။
နာဂဒေသပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အခြားထုတ်ကုန်လုပ်ငန်းများတွင် ရင်းနှီးလုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကျပ်ငါးဘီလျံကိုလည်း အရင်းအနှီး မတည်ပေးနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားသည်။
နာဂဒေသတည်ငြိမ်အေးချမ်းမှုရှိနေခြင်းကြောင့် ဒေသဖွံ့ဖြိုးတိုးတက်များကို တစ်နှစ်ထက်တစ်နှစ် ပိုမိုဆောင်ရွက်ပေးနိုင်ကြောင်း၊ ထိုကြောင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးသည် အလွန်အရေးကြီးပြီး နာဂဒေသရှိပြည်သူများက အဆိုပါတည်ငြိမ်အေးချမ်းမှုမပျက်ယွင်းအောင် ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားသည်။
လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံတော်အစိုးရအနေဖြင့် အရှည်ပေ (၂၆၂၈) ပေရှိ သံကူကွန်ကရစ်အမျိုးအစား ချင်းတွင်းမြစ်ကူးတံတား (ထမံသီ)အား ဆောက်လုပ်ပေးနိုင်ခဲ့သည့်အတွက် ဟုမ္မလင်းခရိုင်၊ ခန္တီးခရိုင်တို့နှင့် နာဂဒေသတို့၏ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသဖြင့် ကုန်စည်းစီးဆင်းမှုများ ပိုမိုမြန်ဆန်လာပြီး ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ပြုလာတော့မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဆက်လက် ပြောကြားသည်။
