နေမိုး
၈. ၁. ၂၀၂၆
အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းလဲလာနေသော NUG က ကိုယ်တိုင်တပ်မတော်ထောင်ထားသော LPDF အဖွဲ့ဖြစ်သည့် ဗိုလ်နဂါး၏ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကိုတိုက်ခိုက်ရန် ညွှန်ကြားလိုက်သည်ဟု သိရသလို အစွမ်းကုန် တုံ့ပြန်မည်ဟုလည်း BNRA က ယနေ့ တုံ့ပြန်လိုက်သည်။
ယခင်ကတည်းက ဗိုလ်နဂါးကို အမြစ်ဖြုတ်ရန် ကြံစည်နေသည့် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်ဆင့်လျှို့ဝှက်ညွှန်ကြားမှုဖြင့် BNRA ကိုတိုက်ခိုက်ရန် ခရိုင်ကွပ်ကဲရေးတာဝန်ခံစွမ်းသူမောင်နှင့် ပုလဲမြို့နယ် ကာလုံတာဝန်ရှိ သစ်ညိမ်း (ဗိုလ်နဂါးထံမှ NUG ဘက်သို့ ကူးသွားသော တပ်ရင်းမှူးဟောင်း) တို့မှ ယမန်နေ့ကအစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် BNRA ကို တိုက်ခိုက်ရန် ယနေ့မှစ၍ တပ်အင်အားများပြင်ဆင်စုစည်းနေသည့်သတင်းအား အတိအကျ (တိတိကျကျ) ရရှိထားပြီးဖြစ်သည်။သဘောမတူသည့် တပ်ရင်းမှူးများရှိသော်လည်း “အမိန့်” ဟူသည့်စကားဖြင့် အတင်းအကျပ်စီမံကြောင်းလည်း သိရှိထားရသည်ဟု BNRA ၏ ယနေ့ထုတ်ပြန်ချက်က ဆိုသည်။


NUG အနေဖြင့် အခြားသောအဖွဲ့အစည်းများအပေါ် ထိုသို့ ဖိနှိပ်အနိုင်ကျင့်မှုများရှိခဲ့ပြီးသည်ကိုလည်း ကာယကံရှင်အဖွဲ့အစည်းများနှင့် ပြည်သူတချို့လည်း မျက်ဝါးထင်ထင် တွေ့ကြုံသိရှိရပြီးဖြစ်သည်။ BNRA အဖွဲ့အစည်းအပေါ် တွင်လည်း ယခင့်ယခင်ကပင် နည်းမျိုးစုံဖြင့် တွန်းတိုက်ဖိနှိပ်သည်ကိုလည်း ပြည်သူအများစုသိရှိကြပြီးဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင်လည်း BNRA စခန်းတစ်ခုအား NUG ၏ခရိုင်တပ်ရင်းများမှလက်နက်ဖြင့်လာရောက်တိုက်ခိုက်ရေး ဝိုင်းဝန်းပိတ်ဆို့နေစဉ် ၎င်းတို့ဘက်မှ ခရိုင်တပ်ရင်းမှူးနှင့် စစ်ကြောင်းမှူးများအပါအဝင် လူ ၃၀ ခန့်နှင့် လက်နက်တချို့ကို BNRA တပ်ဖွဲ့မှ အနီးကပ်ဝင်ရောက်ချဉ်းကပ်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့တပ်များပြန်ဆုတ်သွားရန် မိမိတို့ကိုယ်တိုင်သာ ဖိအားပေးဖြေရှင်းခဲ့ရပြီးဖြစ်သည်။
ထိုသို့ အနီးကပ်ဖမ်းဆီးမှုမပြုမီ ကာကွယ်ရေးဝန်ကြီးရုံးနှင့် ကာကွယ်ရေးဝန်ကြီးထံ တိုက်ရိုက် ရုံးစာ၊ ဖုန်းတို့ဖြင့်ဆက်သွယ်၍ ၎င်းကိစ္စအား ဖြေရှင်းရန်ကြိုးစားသော်လည်း လုံးဝခေါင်းရှောင်နေသဖြင့်သာ ဝင်ရောက်ဖမ်းဆီးခဲ့ရခြင်းဖြစ်ပြီး BNRA ဘက်မှ အရေးသာချိန်တွင် ဖမ်းဆီးခံရဲဘော်များအား တစ်စုံတစ်ရာမထိခိုက်စေဘဲ ၎င်းတို့တပ်များဆုတ်သွားပြီးနောက် ကျည်တစ်တောင့်၊ သေနတ်တစ်လက်ပင်မချန်ဘဲ ပြန်လည် အပ်နှံ၍ လွှတ်ပေးခဲ့ပြီး လက်နက်ပဋိပက္ခမကြီးစေရန်နှင့် လူထုအထိတ်တလန့်မဖြစ်စေရန် BNRA မှ သည်းခံဆောင်ရွက်ခဲ့သည်ကို ဒေသခံပြည်သူများနှင့် ၎င်းတို့၏ ဖမ်းဆီးခံရဲဘော်များအသိပင် ဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ တာဝန်ခံမှုမရှိယုံမျှမက ၎င်းကိစ္စသည် အောက်ခြေပြဿနာလည်းမဟုတ်သည့်အတွက် အတွင်းမှ ဆက်သွယ်ဖြေရှင်းတော့မည်မဟုတ်ဘဲ လူထုကို ကြိုတင်အသိပေးထားရင်း သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်ကိုသိစေရန်သာ ရည်ရွယ်သည်။

BNRA ကို တိုက်ခိုက်မည့် အစီအစဉ်အား NUG ၏ သက်ဆိုင်ရာလူကြီးများမှ ဆက်လက်ခွင့်ပြုပြီး လုပ်ဆောင်လာမည်ဆိုပါက NUG အနေဖြင့် BNRA အဖွဲ့အစည်းအပေါ် လုံးဝ ရန်ဘက်အဖြစ် သတ်မှတ်လိုက်သည်ဟု မှတ်ယူမည်ဖြစ်ပြီး အဆုံးစွန်ထိ ရင်ဆိုင်တုံ့ပြန်သွားမည်ဖြစ်သဖြင့် နီးစပ်ရာပြည်သူများ စစ်ရေး သတိပြု နေထိုင်ကြပါရန်လည်း BNRA က သတိပေးထားသည်။
