၈. ၁. ၂၀၂၆
MT News Editorial
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က ပထမအကြိမ် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးနောက်တွင် ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၁၀၂ မြို့နယ်မှ အနိုင်ရ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ရွေးကောက်ခံ တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်များ အတည်ပြု ထွက်ပေါ်လာခြင်းသည် နိုင်ငံတော် ပြန်လည်တည်ဆောက်ရေးအတွက် ပထမဆုံးသော မျှော်လင့်ချက် ခြေလှမ်းပင် ဖြစ်သည်။
ထိုအနိုင်ရ ပြည်သူ့ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း NUG၊ PDF နှင့် EAOs တို့က လက်နက်ဖြင့် ဖြေရှင်း၍မရခဲ့သော၊ ပြည်သူများသာ သွေးထွက်သံယိုဖြစ်ပြီး နိုင်ငံပျက်စီး စေခဲ့သော ကိစ္စရပ်များကို သိက္ခာရှိစွာဖြင့် လွှတ်တော်တွင်း၌ ဆွေးနွေးညှိနှိုင်း အဖြေရှာကြတော့မည် ဖြစ်သည်။
သို့သော် ဤခရီးစဉ်သည် ယခုအချိန် ပထမအဆင့်သာ ရှိနေပါသေးသည်။ ရှေ့ဆက်၍ ဇန်နဝါရီလ ၁၁ ရက်နှင့် ဇန်နဝါရီလ ၂၅ ရက်နေ့တို့တွင် ရွေးကောက်ပွဲများကို အဆင့်ဆင့် ဆက်လက်ကျင်းပသွားမည် ဖြစ်ရာ အဆိုပါ ရွေးကောက်ပွဲများ အလုံးစုံအောင်မြင်ပါက မြန်မာနိုင်ငံ၏ လူဦးရေ ၈၇ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုသော မြန်မာ့မြို့နယ်ပေါင်း ၂၆၅ ခု၏ ကိုယ်စားလှယ်များ ပေါ်ထွက်လာမည်ဖြစ်သည်။
ဤနေရာတွင် ပြည်သူလူထု၏ အခန်းကဏ္ဍမှာ အဓိကကျလှသည်။ မိမိတို့ဒေသ၊ မိမိတို့နိုင်ငံ အမှန်တကယ် ပြောင်းလဲတိုးတက်စေချင်ပါက “မဲပေးခြင်း” ဟူသော ဒီမိုကရေစီအခွင့်အရေးကို လက်လွတ်မခံဘဲ ကျင့်သုံးကြရန် တိုက်တွန်းလိုပါသည်။ သင်၏ မဲတစ်ပြားသည် သေနတ်သံများကို တိတ်ဆိတ်သွားစေနိုင်ပြီး လွှတ်တော်အတွင်း တရားဝင်ဆွေးနွေးမှုများကို အားကောင်းစေမည် ဖြစ်သည်။ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးခြင်းသည် မိမိတို့၏ အနာဂတ်ကို မိမိတို့ကိုယ်တိုင် ဖန်တီးခြင်းပင် ဖြစ်သည်။
စစ်မှန်သော တည်ငြိမ်မှုကို လိုလားပါက လူထု၏ကိုယ်စားလှယ်များမှတစ်ဆင့် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နိုင်ရန် လိုအပ်သည်။ မြို့နယ်အသီးသီးမှ ရွေးကောက်ခံ ကိုယ်စားလှယ်များသည် မိမိတို့ဒေသ၏ လိုအပ်ချက်များ၊ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် တစ်နိုင်ငံလုံးဆိုင်ရာ မူဝါဒများကို လွှတ်တော်အတွင်း တရားဝင်ဆွေးနွေးခွင့် ရရှိခြင်းဖြင့် ပဋိပက္ခများကို လျှော့ချနိုင်မည်ဖြစ်သည်။ ကိုယ်စားလှယ်ပေါင်းစုံ၊ ပါတီပေါင်းစုံ ပါဝင်သည့် လွှတ်တော်တစ်ရပ်သည် နိုင်ငံကို ပြန်လည်တည်ဆောက်ရန်အတွက် အခိုင်မာဆုံးသော အုတ်မြစ်ဖြစ်သည်။
တစ်ဖက်တွင်လည်း နိုင်ငံတော်တည်ငြိမ်ရေးနှင့် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ ရွေးကောက်ပွဲ ဖြစ်စဉ်ကို နှောင့်ယှက်ဖျက်ဆီးလိုသည့် အဖျက်သမားများ၊ အဖွဲ့အစည်းများကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချရန် လိုအပ်ပေသည်။ ရွေးကောက်ပွဲကို ဖျက်ဆီးခြင်းသည် ပြည်သူ့အသံကို ပိတ်ပင်ခြင်းဖြစ်သလို၊ နိုင်ငံကို ပဋိပက္ခတွင်း၌သာ ဆက်လက်နစ်မွန်းစေရန် ကြံစည်ခြင်းပင် ဖြစ်သည်။ မည်သည့် အဖျက်အမှောင့် လုပ်ရပ်ကမျှ ပြည်သူတို့၏ အေးချမ်းလိုသော ဆန္ဒနှင့် နိုင်ငံရေးအရ အဖြေရှာလိုသော လမ်းကြောင်းကို တားဆီးနိုင်မည်မဟုတ်ပေ။
ရွေးကောက်ခံကိုယ်စားလှယ်များ အစုံအညီဖြင့် လွှတ်တော်ယန္တရား ပြန်လည်လည်ပတ်နိုင်မှသာလျှင် နိုင်ငံတော်သည် ပြန်လည်တည်ငြိမ်ပြီး စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံတွင် တိုးတက်လာမည် ဖြစ်သည်။ ထို့ကြောင့် ယခုလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် မိမိတို့၏ ကိုယ်စားလှယ်စစ်စစ်များကို ရွေးချယ်နိုင်ရန် ပြည်သူတစ်ရပ်လုံးက တက်ကြွစွာ မဲပေးကြပါရန်နှင့်၊ အဖျက်သမားတို့၏ အန္တရာယ်ကိုလည်း ပြည်သူ့အားဖြင့် ဝိုင်းဝန်းကာကွယ် တားဆီးကြပါရန် MT News က လေးနက်စွာ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
