




၈.၁.၂၀၂၅
Written by NYL
ဧရာ၀တီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မိုးညိုပရိယတ္တိစာသင်တိုက်တွင် ပန်းပေါင်း စုံဗုဒ္ဓရုပ်ပွား ဆင်းတုတော် အဆူ(၁၀၀၀) အနေကဇာတင်မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၈ ရက် နံနက် ၅ နာရီတွင် ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများ၊ အလှူရှင်များနှင့်အတူ တက်ရောက် ကြည်ညိုခဲ့ကြောင်း သိရသည်။
ဗုဒ္ဓရုပ်ပွားဆင်းတုတော် အဆူ(၁၀၀၀) ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ်၊ သာသနာ့ဓဇဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ၊ မိုးညိုပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ အဂ္ဂဝံသ အမှူးပြုသော ပင့်သံဃာဆရာတော်ကြီးများနှင့် စာချ၊ စာသင် သံဃာတော်များက ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ခဲ့ကြသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် မိသားစုတို့က စာချ၊စာသင် သံဃာတော်များအား သင်္ကန်းနှင့် ဝထ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်ပရိသတ်များသည် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မိုးညိုပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။




ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်ကြီးများအား သင်္ကန်းနှင့် လှူဖွယ်ဝထ္ထုပစ္စည်းများ လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးများနှင့် စာသင်တိုက်ရှိ စာချ၊ စာသင် သံဃာတော်များအား အာရုံဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
အဆိုပါ အခမ်းအနားတွင်အလှူရှင်များ လှူဒါန်းသော ဗုဒ္ဓဘိသေကအနေကဇာတင် လှူဒါန်းပူဇော်ပြီးဖြစ်သည့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအား မော်လမြိုင်ကျွန်း မြို့ပေါ် ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပူဇော်လိုသူပြည်သူများအား ဖြန့်ဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
