





၈.၁.၂၀၂၆
Written by Nay Yaung Lin
ဧရာ၀တီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်(PR) မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် မော်လမြိုင်ကျွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်နှင့် မဲဆန္ဒရှင်များ တွေ့ဆုံပွဲကို ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲကို မော်လမြိုင်ကျွန်းမြို့နယ်ရှိ အားကစားပြိုင်ပွဲရုံတွင် ပြုလုပ်ခဲ့ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးနှင့် ကျေးရွာများမှ စုစုပေါင်း အင်အား ၁၅၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က “ ရွေးကောက်ပွဲ အပိုင်း(၁)ကတော့ အောင်မြင်စွာနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဆင်နွှဲပြီးသွားပါပြီ။ အခုအပိုင်း (၂) ကတော့ ၁၁ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အပိုင်း (၃( ကလည်း ဇန်နဝါရီလထဲမှာ ၂၅ ရက်နေ့ကြရင် ကျင်းပတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီက ပြည်သူလူထုတွေက ဘာတွေလိုအပ်နေလဲဆိုတာကို အဓိကကတော့ လူထုရဲ့အသံကို အမြဲတမ်း နားထောင်နေခဲ့ပါတယ်။ ပြည်သူလူထုအဓိကလိုချင်တာ အေးချမ်းသာယာပြီးတော့ တရားဥပဒေစိုးမိုးတဲ့ အေးအေးချမ်းချမ်းနဲ့ စီးပွားရှာလို့ရတဲ့ ဘ၀ကို လိုချင်တယ်ဆိုတာကို ကျွန်တော်တို့ပါတီက သိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပါတီက အေးချမ်းသာယာပြီးတော့ တရားဥပဒေစိုးမိုးတဲ့ နယ်မြေဒေသဖြစ်အောင်၊ နိုင်ငံတော်ဖြစ်အောင် တည်ဆောက်သွားမယ်ဆိုတာ ကတိပြုပြောကြားလိုပါတယ်” ဟု အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် လူထုအား ပြောကြားခဲ့သည်။






ထို့ပြင် ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ကိုင်ကြသူများသာ တာဝန်ပေးမည်ဆိုလျှင် လာမည့်ငါးနှစ်အတွင်း ကြွေးမြီကင်းရှင်းသည့် ဘ၀ထူထောင်နိုင်ရန် စီမံကိန်းများချပြီး ဆောင်ရွက်သွားရေး၊ မဲပေးရွေးချယ်သည့်အခါ ပါတီကိုကြည့်ရမည်ဖြစ်သလို လူကိုလည်းကြည့်ကာ ပညာအရည်အချင်းနှင့် ကိုယ့်ဒေသအကြောင်း ကောင်းကျိုးဆောင်ရွက်နိုင်သူကိုသာ ရွေးချယ်ကြရမည်ဖြစ်ကြောင်း အမျိုးသားကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာသူများက ဦးစွာ နိုင်ငံတော်အလံကို အလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုကြသည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲဆန္ဒရှင်များနှင့် မိတ်ဆက်ပေးခဲ့ပြီး ကိုယ်စားလှယ်လောင်များက မိတ်ဆက်အမှာစကားများပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ မော်လမြိုင်ကျွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များ၊ ပါတီမိတ်ဆွေများနှင့် မဲဆန္ဒရှင်များ စုစုပေါင်း အင်အား ၁၅၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဧရာ၀တီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်ခိုင်းဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (FPTP) ဦးထိန်လင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) ဦးအောင်ဇော်လှိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးမင်းမင်း၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောလင်းခယ်တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ဧရာ၀တီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်(PR) မဲဆန္ဒနယ်အမှတ်(၁)တွင် ကျုံပျော်ခရိုင်၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်တို့ပါဝင်ပြီး မော်လမြိုင်ကျွန်းမြို့နယ်သည် လပွတ္တာခရိုင်အတွင်းပါဝင်သည်။
ဧရာ၀တီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်(PR) မဲဆန္ဒနယ်အမှတ်(၁)တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ၃ ဦးပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းတို့မှာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဦးပြုံးချို၊ ဦးအောင်တင်မြင့်တို့ ဖြစ်ကြသည်။
