သတိုး
၈. ၁. ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်သည် ဗုဒ္ဓဟူးနေ့ (၇. ၁. ၂၀၂၆) တွင် “ခက်ခဲပြီး အန္တရာယ်ရှိသော အချိန်များ” ကို ရင်ဆိုင်နေရသည်ဟုဆိုကာ ၂၀၂၇ ခုနှစ်အတွက် စစ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလျံ သတ်မှတ်ရန် အဆိုပြုခဲ့သည်။
ထရမ့်ပ်သည် ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မာဒူရိုအား ဖမ်းဆီးပြီး အမေရိကန်သို့ ခေါ်ဆောင်ကာ မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် တရားစွဲဆိုရန် စစ်ဆင်ရေးအမိန့်ပေးခဲ့ပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ အသုံးစရိတ် အမြောက်အမြား တိုးမြှင့်ရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် အမေရိကန်တပ်ဖွဲ့များသည် ကာရေဘီယံပင်လယ်တွင် စုရုံးလျက်ရှိသည်။
၂၀၂၆ ခုနှစ်အတွက် အမေရိကန်၏ စစ်ရေးအသုံးစရိတ်မှာ ဒေါ်လာ ၉၀၁ ဘီလျံဖြစ်သည်။ အမေရိကန်သည် ကမ္ဘာပေါ်တွင် စစ်ရေးအသုံးစရိတ် အများဆုံးနိုင်ငံဖြစ်နေပြီးသားဖြစ်ရာ ယခုကဲ့သို့ ၁ ဒသမ ၅ ထရီလျံအထိ တိုးမြှင့်လိုက်ပါက ပြိုင်ဘက်များဖြစ်သော တရုတ်နှင့် ရုရှားတို့ထက် များစွာသာလွန်သွားမည်ဖြစ်သော်လည်း ယင်းက နိုင်ငံများအကြား လက်နက်ပြိုင်ဆိုင်မှုကိုလည်း ဖြစ်ပွားစေနိုင်သည်။
ထရမ့်ပ်သည် မကြာသေးမီရက်ပိုင်းအတွင်းကလည်း အမျိုးသားလုံခြုံရေးအကြောင်းပြချက်ဖြင့် ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် တောင်းဆိုခဲ့သလို ကိုလံဘီယာတွင် စစ်ရေးအရ ပါဝင်ပတ်သက်ရန်လည်း အရိပ်အယောင်ပြခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်း ရန်ဘက်ဟောင်း ကျူးဘားနိုင်ငံသည် “ဒုက္ခရောက်နေပြီ” ဟု သတိပေးပြောဆိုထားသည်။
“ဒါဟာ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ ‘အိပ်မက်စစ်တပ်(ကမ္ဘာပေါ်ရှိ မည်သည့်စစ်တပ်ကမျှ မယှဉ်ပြိုင်နိုင်သော စစ်တပ်)’ ကို တည်ဆောက်ခွင့် ရစေမှာဖြစ်သလို၊ ဘယ်လိုရန်သူမျိုးပဲဖြစ်ဖြစ် ကျွန်တော်တို့ကို ဘေးကင်းလုံခြုံစေမှာပါ” ဟု ထရန့်က Truth Social တွင် ရေးသားခဲ့သည်။

ယမန်နှစ်က ထရမ့်ပ် လက်မှတ်ရေးထိုးခဲ့သော အခွန်လျှော့ပေါ့မှုနှင့် အသုံးစရိတ်လျှော့ချရေး ဥပဒေကြမ်းကြောင့် ပင်တဂွန်စစ်ဌာနချုပ်သည် ဒေါ်လာ ၁၇၅ ဘီလျံခန့် ထပ်မံရရှိခဲ့ပြီးဖြစ်သည်။ ယခုထပ်မံတိုးမြှင့်မည့် အသုံးစရိတ်မှာ ဒီမိုကရက်များ၏ ကန့်ကွက်မှုကို ကြုံတွေ့ရနိုင်သလို၊ အသုံးစရိတ်ကြီးမားမှုကို မလိုလားသော ရီပတ်ဘလီကန်အမတ်အချို့၏ ကန့်ကွက်မှုကိုလည်း ရင်ဆိုင်ရနိုင်သည်။
သို့သော် ထရမ့်ပ်ကမူ ၎င်းတာဝန်ယူချိန်မှစ၍ တစ်ကမ္ဘာလုံးရှိ မိတ်ဆွေနှင့် ရန်သူများအပေါ် စည်းကြပ်ထားသော သွင်းကုန်ခွန် (Tariffs) များကြောင့် ရရှိလာသည့် ဝင်ငွေများဖြင့် ဤစစ်စရိတ်ကို ကာမိနိုင်သည်ဟု ဆိုသည်။ အမေရိကန်အစိုးရသည် ယမန်နှစ်က သွင်းကုန်ခွန်မှ ဒေါ်လာ ၂၈၈ ဒသမ ၅ ဘီလျံ ကောက်ခံရရှိခဲ့ရာ ၂၀၂၄ ခုနှစ်က ရရှိသော ၉၈ ဒသမ ၃ ဘီလျံထက် များစွာပိုလာခဲ့သည်။
ဗုဒ္ဓဟူးနေ့တွင်ပင် ထရမ့်ပ်က အမေရိကန်၏ အကြီးဆုံး စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Raytheon ကိုလည်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ကုမ္ပဏီအနေဖြင့် အမြတ်ငွေများကို အစုရှယ်ယာ ပြန်လည်ဝယ်ယူခြင်း (Stock Buybacks) များတွင် အသုံးပြုနေမှုကို ရပ်တန့်ရန်နှင့် လက်နက်ထုတ်လုပ်မှု အဆင့်မြှင့်တင်ရေး (စက်ရုံနှင့် စက်ပစ္စည်းများ) တွင် ပိုမိုရင်းနှီးမြှုပ်နှံရန်၊ ထိုသို့ မလုပ်ဆောင်ပါက အစိုးရနှင့် လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်ပင်မည်ဟု ဆိုခဲ့သည်။

“Raytheon အနေနဲ့ စက်ရုံနဲ့ စက်ပစ္စည်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဘူးဆိုရင် စစ်ဘက်ဆိုင်ရာဌာန (Department of War) နဲ့ နောက်ထပ် စီးပွားရေးလုပ်ခွင့်ရမှာမဟုတ်ဘူး” ဟု ထရမ့်ပ်က သတိပေးခဲ့သည်။
ထို့ပြင် ထရမ့်ပ်သည် စာချုပ်ပါအတိုင်း လက်နက်များ အချိန်မီမပေးသွင်းနိုင်ဘဲ အစုရှယ်ယာရှင်များကို အမြတ်ဝေစုပေးခြင်း (Dividends) နှင့် အမှုဆောင်များကို လစာအမြောက်အမြားပေးနေသော ကာကွယ်ရေးကုမ္ပဏီများကို ပြန်လည်စစ်ဆေးရန် အမိန့်ထုတ်ပြန်ခဲ့သည်။ Raytheon ကုမ္ပဏီသည် Tomahawk ဒုံးကျည်များ၊ Javelin နှင့် Stinger ဒုံးကျည်များအပြင် F-35 တိုက်လေယာဉ် အင်ဂျင်များကို ထုတ်လုပ်နေသော ကုမ္ပဏီဖြစ်သည်။
Raytheon ဘက်ကမူ ယခုကိစ္စအပေါ် ချက်ချင်း တုံ့ပြန်ခြင်းမရှိသေးပေ။
Ref : SCMP
