သက်တံ့
၈. ၁. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ ယူတားပြည်နယ်၏ မြို့တော် ဆော့တ်လိက်ခ်စီးတီးရှိ မော်မွန်ဘုရားကျောင်းတွင် ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၇ ရက်) ညပိုင်းက ဈာပနပြုလုပ်နေစဉ် ကားပါကင်၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လူနှစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။
အဆိုပါပစ်ခတ်မှုသည် “The Church of Jesus Christ of Latter-day Saints” ဝတ်ပြုကျောင်း၏ ကားပါကင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များက ပစ်ခတ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်နေပြီး အခြေအနေမှာ ခန့်မှန်းရခက်ဆဲဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့သလို ရဲတပ်ဖွဲ့က တရားခံကို အပူတပြင်း ရှာဖွေနေဆဲဖြစ်သည်။
“ကားပါကင်ထဲမှာ တစ်စုံတစ်ရာ အငြင်းပွားမှု ဖြစ်ပွားခဲ့ပုံရပြီး အဲ့ဒီနောက်မှာ သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်” ဟု ဆော့တ်လိက်ခ်စီးတီး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဂလင်းမေးလ်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အနည်းဆုံး ဒဏ်ရာရရှိသူ လူကြီး ရှစ်ဦးအနက် နှစ်ဦးမှာ ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး အသက်ရှင်ကျန်သူများထဲမှ သုံးဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း၊ ကျန်ရှိသူများ၏ ကျန်းမာရေးအခြေအနေကိုမူ မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ရဲတပ်ဖွဲ့သည် သံသယရှိသူများကို လိုက်လံဖမ်းဆီးနေသလို ဈာပနအခမ်းအနားသို့ တက်ရောက်လာသူ ဒါဇင်ပေါင်းများစွာကိုလည်း သက်သေအဖြစ် စစ်ဆေးမေးမြန်းရန် ပြင်ဆင်နေသည်။ FBI ကလည်း ရဲတပ်ဖွဲ့အား ကူညီပေးသွားမည်ဟု ပြောကြားထားသည်။ အခင်းဖြစ်ပွားရာနေရာတွင် ရဲယာဉ်အစီးရေ ၁၀၀ ခန့် ရောက်ရှိနေပြီး ကောင်းကင်ယံတွင်လည်း ရဟတ်ယာဉ်များဖြင့် ကင်းလှည့်နေကြသည်။
“ဒါဟာ ဘာသာရေးကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုမျိုးလို့ ကျွန်တော်တို့ မယုံကြည်ပါဘူး”ဟု ဆော့တ်လိက်ခ်စီးတီး ရဲမင်းကြီး ဘရိုင်ယန် ရက်ဒ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့အတူ ရဲတပ်ဖွဲ့ကလည်း ဤပစ်ခတ်မှုသည် ရည်ရွယ်ချက်မရှိ ဦးတည်ရာမဲ့ ပစ်ခတ်ခြင်းမျိုးမဟုတ်ဘဲ၊ ကားပါကင်အတွင်း တစ်စုံတစ်ရာ အငြင်းပွားခိုက်ရန်ဖြစ်ပွားရာမှ တစ်ဖက်လူကို ဦးတည်ပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
မော်မွန်ဘုရားကျောင်းအတွင်း ဈာပနအခမ်းအနား ကျင်းပနေစဉ် အပြင်ဘက်တွင် ဖြစ်ပွားခဲ့သော စိုးရိမ်ဖွယ်ရာဖြစ်ရပ်နှင့် ပတ်သက်၍ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဘုရားကျောင်းဘက်က ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။
“ဒီဖြစ်ရပ်ကြောင့် ထိခိုက်ခံစားရသူအားလုံးအတွက် ဆုတောင်းပေးပါတယ်။ ဝတ်ပြုကိုးကွယ်ရာ သန့်ရှင်းတဲ့နေရာတစ်ခုမှာ အခုလို အကြမ်းဖက်မှုမျိုး ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး အလွန်အမင်း စိတ်မကောင်းဖြစ်ရပါတယ်” ဟု မော်မွန်ဘုရားကျောင်း၏ ပြောရေးဆိုခွင့်ရှိသူ ဆမ်ပန်ရော့ဒ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref : skynews


