သက်တံ့
၈. ၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ မောင်းခရိုင်တွင် ဇန်နဝါရီ ၇ ရက် ညသန်းခေါင်အချိန်က နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ရာ မိသားစုဝင် ၅ ဦး သေဆုံးခဲ့ရသည်။
ချင်းမိုင် ရုအမ် ကတန်ညုဖောင်ဒေးရှင်း၏ အဆိုအရ မီးလောင်မှုသည် ယနေ့ ဇန်နဝါရီ ၈ ရက်သို့မကူးပြောင်းမီ သန်းခေါင်ယံအချိန်ခန့်တွင် မောင်းခရိုင်၊ ပဒေ့ရပ်ကွက်၊ ဆွိုက် ရုအန် ခန် ၁၇ ရှိ နှစ်ထပ်သီးသန့်နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် နှစ်ထပ်နေအိမ်တစ်လုံးလုံး ပျက်စီးသွားခဲ့ရသလို မီးသတ်သမားများက မီးလောင်မှုကို တစ်နာရီခန့်ကြာ ငြှိမ်းသတ်ခဲ့ရသည်။
ကယ်ဆယ်ရေးအဖွဲ့များစွာ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာခဲ့ပြီး နေအိမ်အတွင်းမှ လူ ၅ ဦးကို ကူညီထုတ်ပေးနိုင်ခဲ့ကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ အရေးပေါ်ကုသမှု (CPR) များ ပြုလုပ်ပေးခဲ့ကြပြီးနောက် မဟာရဂျ် နခွန် ချင်းမိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
သို့သော်လည်း မီးလောင်မှုအတွင်း ကယ်ထုတ်ခဲ့ရသူများဖြစ်သည့် ဖခင်၊ မိခင်၊ အမြွှာကလေးငယ်နှစ်ဦးနှင့် အဘွားဖြစ်သူတို့သည် ရရှိထားသော ဒဏ်ရာများဖြင့် ဆေးရုံတွင် ကွယ်လွန်သွားခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးခဲ့သည့် ခရိုင်တာဝန်ရှိသူများက မီးလောင်မှုသည် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆထားကြသည်။ သေဆုံးသူများသည် ဒုတိယထပ်တွင် အိပ်ပျော်နေကြသဖြင့် မီးစတင်လောင်ကျွမ်းချိန်တွင် သတိမပြုမိခဲ့ကြခြင်းဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည့် လက်ရှိအချိန်တွင် အခင်းဖြစ်စဉ်ကို ပိတ်သိမ်းရန်နှင့် ဓမ္မတာအတိုင်းဖြစ်ပွားမှုရှိမရှိ ဆန်းစစ်နေပြီး တွေ့ရှိချက်အပေါ် မူတည်၍ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။
Ref : Bangkok Post
