(Real Clear Defense တွင် ဖော်ပြခဲ့သော အမေရိကန်ကြည်းတပ်မှ အနားယူထားသည့် ဗိုလ်မှူးကြီးဖြစ်ပြီး Vantage + Vox ၏ စီအီးအို ဖြစ်သူ Joe Buccino ၏ Myanmar Elections: U.S. Policy Reset in Southeast Asia? ဆောင်းပါးကို ဆီလျော်သလို ကောက်နုတ်ပြန်ဆိုထားပါသည်။)
သတိုး
၂၆. ၁၂. ၂၀၂၅
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် တည်ငြိမ်မှု တိုးတက်လာသည်ဟုဆိုကာ မြန်မာနိုင်ငံသားများအတွက် ပေးအပ်ထားသည့် ယာယီအကာအကွယ်ပေးထားမှုအဆင့် (TPS) ကို မကြာသေးမီအချိန်တွင် ထရမ့်ပ်အစိုးရက ရပ်စဲလိုက်ခြင်းသည် အမေရိကန်-မြန်မာ ဆက်ဆံရေး၏ ဦးတည်ချက်အပြောင်းအလဲကို ဖော်ညွှန်းသည့် အချက်ပြမှုတစ်ခု ဖြစ်လာသည်။
ယခုလနှောင်းပိုင်း (ဒီဇင်ဘာ ၂၈ ရက်) တွင် ကျင်းပရန် စီစဉ်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့် ရွေးကောက်ပွဲများနှင့်အတူ ဝါရှင်တန်အနေဖြင့် ဆယ်စုနှစ်များစွာ ရပ်တန့်နေခဲ့သော ဆက်ဆံရေးကို မဟာဗျုဟာမြောက် ပြန်လည်ချိန်ညှိရန် အခွင့်အလမ်းရရှိထားသည်။ ယင်းသည် အရှေ့တောင်အာရှတစ်ခွင်ရှိ အမေရိကန်၏ မဟာဗျူဟာမြောက် အနေအထားအပေါ် သက်ရောက်မှုများ ရှိလာမည်ဖြစ်သည်။
◾️ လတ်တလော ဒေသတွင်း လှုပ်ရှားမှုများ
အမေရိကန်အစိုးရသည် အလယ်အာရှနှင့် အရှေ့တောင်အာရှတို့တွင် စီးပွားရေးအရ ထိတွေ့ဆက်ဆံလိုသည့် ဆန္ဒကို ဆက်တိုက်ပြသခဲ့သည်။ ကာဇက်စတန်နိုင်ငံနှင့် ဒေါ်လာ ၁၇ ဘီလျံကျော် တန်ဖိုးရှိသော သဘောတူညီချက်များတွင် အမေရိကန်လုပ် ခေါင်းတွဲများ ဝယ်ယူရန် ဒေါ်လာ ၄ ဘီလျံ ပါဝင်သည်။ ဥဇဘက်ကစ္စတန်နှင့်လည်း ဒေါ်လာ ၃၅ ဘီလျံတန် သဘောတူညီချက်ရရှိခဲ့ပြီး အမေရိကန်လေယာဉ်များအတွက် အသုံးစရိတ် ဒေါ်လာ ၈ ဘီလျံကျော် ပါဝင်ကာ ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်အဆင့်သို့ မြှင့်တင်ခဲ့သည်။
မြန်မာနိုင်ငံနှင့် ပိုမိုနီးစပ်သော ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့နှင့် ချုပ်ဆိုထားသော ကုန်သွယ်ရေး သဘောတူညီချက်များသည် ကာကွယ်ရေးဆိုင်ရာ ထုတ်လုပ်မှုအတွက် မရှိမဖြစ် လိုအပ်သော အရေးကြီး သတ္တုတွင်းထွက်များ ရရှိရေးကို အားကောင်းစေခဲ့သည်။ ထို့အပြင် နိုင်ငံဖြတ်ကျော် ဆိုက်ဘာရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရန် အမေရိကန်နှင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးအဖွဲ့များကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ သယံဇာတ ကြွယ်ဝမှုနှင့် ရာဇဝတ်ဂိုဏ်းကွန်ရက်များ၏ စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားပါက ဤအစပြုမှုများသည် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရာတွင် အသုံးချနိုင်သည့် ပုံစံတူများ ဖြစ်လာနိုင်သည်။
◾️ မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် အရေးပါမှု
မြန်မာနိုင်ငံ၏ ပထဝီအနေအထားသည် မဟာဗျူဟာမြောက် အထူးအာရုံစိုက်ရန် လိုအပ်သည်။ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်နှစ်ခုလုံးကို တိုက်ရိုက်ထိစပ်နေသည့် တစ်ခုတည်းသော အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် မြန်မာသည် တောင်အာရှနှင့် အရှေ့တောင်အာရှကို ဆက်သွယ်ပေးသည့် အရေးပါသောနေရာတွင် ရှိနေသည်။ မြန်မာ့ကမ်းရိုးတန်းကို ထိန်းချုပ်နိုင်ခြင်းသည် အရေးပါသော ရေကြောင်းလမ်းများသို့ ရေတပ်ဝင်ရောက်ခွင့် ရရှိစေနိုင်သလို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် လာအိုနိုင်ငံတို့နှင့် ထိစပ်နေသည့် ကုန်းတွင်းနယ်နိမိတ်များသည် ဒေသတွင်းကုန်သွယ်ရေးနှင့် စစ်ဘက်ထောက်ပို့ရေးအတွက် အချက်အချာကျစေသည်။ ကာကွယ်ရေးနှင့် နည်းပညာသစ်များအတွက် မရှိမဖြစ်လိုအပ်သော မြေရှားဒြပ်စင်များ အပါအဝင် သဘာဝသယံဇာတများသည်လည်း မြန်မာ့မဟာဗျူဟာ တန်ဖိုးကို ပိုမိုမြင့်မားစေသည်။
မြန်မာနိုင်ငံကို ဆယ်စုနှစ် နှစ်ခုကြာ အထီးကျန်ဖြစ်စေခဲ့သည့် အမေရိကန်၏မူဝါဒသည် အခြားပြိုင်ဘက် အင်အားကြီးနိုင်ငံများ ဗျူဟာမြောက် ဝင်ရောက်လာမည့် ကွက်လပ်တစ်ခုကို ဖန်တီးပေးခဲ့သည်။ သိသာထင်ရှားသော အမေရိကန်၏ ပါဝင်မှုမရှိသဖြင့် မြန်မာနိုင်ငံသည် စီးပွားရေးမိတ်ဖက်၊ စစ်လက်နက်ပစ္စည်းနှင့် ဖွံ့ဖြိုးရေးရန်ပုံငွေများအတွက် အခြားနေရာများကို ပိုမိုမျှော်ကြည့်ခဲ့ရသည်။ မြန်မာနှင့် ပြန်လည်ချိတ်ဆက်ခြင်းသည် ဤဩဇာလွှမ်းမိုးမှုများကို ပြန်လည်ထိန်းညှိပေးနိုင်သည့်အပြင် အမေရိကန်၏ ကာကွယ်ရေးနှင့် နည်းပညာလုပ်ငန်းများအတွက် လိုအပ်သော အရေးကြီးသယံဇာတများကိုလည်း ရရှိစေမည်ဖြစ်သည်။
မကြာသေးမီက သံတမန်ရေးရာ အချက်ပြမှုများသည် ထိုသို့ထိတွေ့ဆက်ဆံရန် လမ်းဖွင့်ထားကြောင်း ပြသနေသည်။ အောက်တိုဘာလက ပြုလုပ်ခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်အစိုးရသည် ယခင်မူဝါဒများနှင့် ကွာခြားသည့် လုပ်ရပ်တစ်ရပ်အဖြစ် မြန်မာအစိုးရအပေါ် လူသိရှင်ကြား ဝေဖန်ခြင်းမှ သိသိသာသာ ရှောင်ကြဉ်ခဲ့သည်။
ဤတုံ့ပြန်မှုသည် နိုင်ငံရေးအရ ကန့်သတ်ချက်များထက် မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုကို ဦးစားပေးရန် ဆန္ဒရှိကြောင်း ပြသခြင်း ဖြစ်နိုင်သည်။
◾️ ယုံကြည်မှု တည်ဆောက်ရေး အစီအမံများ
အမေရိကန်အနေဖြင့် အပြန်အလှန်လုပ်ဆောင်မှုများအတွက် အခြေအနေများ ဖန်တီးပေးရင်း ဆက်ဆံရေးအသစ်စတင်ရန် ပွင့်လင်းမြင်သာမှုရှိကြောင်း ပြသနိုင်သည့် လက်တွေ့ကျသော မူဝါဒအပြောင်းအလဲ အချို့ရှိသည်။
လာမည့် မြန်မာနိုင်ငံရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက “ရွေးကောက်ပွဲဖြစ်စဉ်၏ တရားမျှတမှု၊ ခိုင်မာမှု၊ တရားဝင်မှု သို့မဟုတ် သက်ဆိုင်ရာနိုင်ငံ၏ ဒီမိုကရေစီစံနှုန်းများအပေါ် သဘောထားမှတ်ချက်ပေးခြင်းကို ရှောင်ကြဉ်မည်” ဟု ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့သည်။ ဤမူဝါဒကို မြန်မာ့ရွေးကောက်ပွဲတွင် ကျင့်သုံးခြင်းသည် ပိတ်ထားသော သံတမန်လမ်းကြောင်းများကို ပွင့်သွားစေနိုင်သည်။
ဤရပ်တည်ချက်သည် ဒီမိုကရေစီလိုလားသူများ၏ ဝေဖန်မှုကို ခံရနိုင်သော်လည်း အထီးကျန်ထားခြင်းက လိုလားအပ်သော နိုင်ငံရေးအပြောင်းအလဲများကို မဖော်ဆောင်နိုင်သည့်အတွက် ထိတွေ့ဆက်ဆံခြင်းသည် အမေရိကန်၏ အကျိုးစီးပွားကို ပိုမိုအထောက်အကူပြုနိုင်သည်ဟု ဆုံးဖြတ်ခြင်းကို ထင်ဟပ်စေသည်။
စီးပွားရေးကဏ္ဍတွင်လည်း လေယာဉ်အစိတ်အပိုင်းများ၊ သတ္တုတူးဖော်ရေးကိရိယာများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံဆိုင်ရာ ပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများအပါအဝင် အမေရိကန်ကုမ္ပဏီများအတွက် အကျိုးရှိမည့် စီးပွားရေးအခွင့်အလမ်းများကို ထောက်ပံ့ပေးခြင်းဖြင့် ပြစ်ဒဏ်ခတ်မှုများထက် ကျော်လွန်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြသနိုင်သည်။
၂၀၂၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုစည်းမျဉ်းများသည် အမေရိကန်စွမ်းအင် ကုမ္ပဏီများကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ဖယ်ထုတ်ထားသကဲ့သို့ ဖြစ်ခဲ့သည်။ ဤကန့်သတ်ချက်များကို ပြန်လည်သုံးသပ်ခြင်းဖြင့် အမေရိကန်ကုမ္ပဏီများသည် လက်ရှိတွင် မြန်မာ့စွမ်းအင်ကဏ္ဍကို လွှမ်းမိုးထားသည့် အခြားနိုင်ငံပိုင်လုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ အမေရိကန်ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာသာမက မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိစေမည့် ပိုမိုမြင့်မားသော ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ဘေးကင်းလုံခြုံရေးစံနှုန်းများကိုပါ ယူဆောင်လာနိုင်မည်ဖြစ်သည်။
◾️ ဒေသတွင်း အခြေအနေနှင့် အစဉ်အလာများ
မြန်မာခေါင်းဆောင်ပိုင်းသည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ဆိုက်ဘာရာဇဝတ်မှုများ၊ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရာတွင် ဝါရှင်တန်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးရှိရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။ မွန်ဂိုလီးယားနှင့် ကာဇက်စတန်တို့တွင် အောင်မြင်စွာကျင့်သုံးခဲ့သည့် “တတိယမြောက် အိမ်နီးချင်း” (Third Neighbor) ကုန်သွယ်ရေး မူဘောင်သည် အိမ်နီးချင်းနိုင်ငံကြီးများနှင့် ဆက်ဆံရေးကို ထိန်းညှိရင်း အမေရိကန်နှင့် သီးခြားစီးပွားရေးအရ ချိတ်ဆက်လိုသည့် နိုင်ငံများအတွက် စံနမူနာကောင်းတစ်ခု ဖြစ်သည်။
◾️ မဟာဗျူဟာမြောက် စဉ်းစားချက်များ
အမေရိကန်သည် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုထက် အထီးကျန်ဖြစ်စေမှုကို ဦးစားပေးခဲ့သည်။ ယင်းသည် ပြိုင်ဘက်နိုင်ငံများအတွက် မဟာဗျူဟာမြောက် လေဟာပြင်တစ်ခု ဖန်တီးပေးလိုက်သလို ဖြစ်ခဲ့သည်။ လက်ရှိအချိန် အဓိကမေးခွန်းမှာ မြန်မာနိုင်ငံကို ဆက်လက်အထီးကျန်ထားခြင်းက အမေရိကန်၏ အကျိုးစီးပွားကို အကျိုးပြုသလား သို့မဟုတ် ကန့်သတ်ချက်ဖြင့် ထိတွေ့ဆက်ဆံခြင်းက ပိုမိုကောင်းမွန်သလားဟူသည်ပင် ဖြစ်သည်။
လာမည့်ရွေးကောက်ပွဲများသည် အမြဲတမ်းရှိမနေနိုင်သည့် သံတမန်ရေးရာ အခွင့်အလမ်းတစ်ခုကို ပေးအပ်ထားသည်။ ထိတွေ့ဆက်ဆံမှုကို အုပ်ချုပ်ရေးတိုးတက်မှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီခွင့်နှင့် ဒေသတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု စသည့် အဆင့်လိုက်သတ်မှတ်ချက်များအပေါ် အခြေခံကာ တည်ဆောက်နိုင်သည်။ ဤချဉ်းကပ်မှုသည် အလုံးစုံပြောင်းလဲမှုကို ကြိုတင်တောင်းဆိုနေမည့်အစား တဖြည်းဖြည်း တိုးတက်လာစေရန် တွန်းအားပေးခြင်းမျိုး ဖြစ်သည်။
အရှေ့တောင်အာရှ၏ နိုင်ငံရေးနှင့် စီးပွားရေး အခင်းအကျင်းကို ပြိုင်ဘက်အင်အားကြီးနိုင်ငံများက တက်ကြွစွာ ပုံဖော်နေကြသည်။ အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတွင် ဩဇာလွှမ်းမိုးမှုအတွက် ယှဉ်ပြိုင်မည်လား သို့မဟုတ် ပြိုင်ဘက်များက အခြေအနေအရပ်ရပ်ကို ထိန်းချုပ်ထားစဉ် ဆက်လက်စောင့်ကြည့်နေမည်လားဆိုသည်မှာ အင်ဒို-ပစိဖိတ်ဒေသ၏ ဟန်ချက်ညီမှုအတွက် အဆုံးအဖြတ်ပေးမည့် မဟာဗျူဟာမြောက် ရွေးချယ်မှုတစ်ခု ဖြစ်သည်။
Ref : Real Clear Defense
