၁၆.၆.၂၀၂၆
Written by Nay Yaung Lin
ရန်ကုန်တိုင်းဒေသကြီ၏ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များ၏ ယာဉ်ကြံ့ခိုင်မှုများကို အပတ်စဉ် (သို့မဟုတ်) လစဉ် စစ်ဆေးရန်နှင့် ယာဉ်များတွင် Global Positioning System-GPS စနစ် တပ်ဆင်ထိန်းကျောင်းရန် အစီအစဉ်ရှိ၊ မရှိ ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်မင်းထက်က ဇွန် ၁၆ ရက်တွင် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယယပုံမှန်အစည်းအဝေး၌ မေးမြန်းခဲ့သည်။
ထို့ပြင် YBS ယာဉ်များ၏ ကြံ့ခိုင်မှုအားနည်းခြင်းကြောင့် မကြာခဏယာဉ်တိုက်မှုများဖြစ်ပေါ်ခြင်း၊ စီးနင်းသူနှင့် လမ်းလျှောက်သူအချို့ အသက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး ယာဉ်စည်ကမ်း၊ လမ်းစည်ကမ်းလိုက်နာမှု အားနည်းခြင်းကြောင့်လည်း ယာဉ်ပိတ်ဆို့မှုနှင့် ယာဉ်မတော်တဆမှုများလည်း ဖြစ်ပေါ်နေကြောင်း အဆိုပါ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က မေးမြန်းရာတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။
“YBS ယာဉ်များ၏ ကြံ့ခိုင်ရေးနှင့် စည်းကမ်းလိုက်နာမှုသည် အများပြည်သူများ၏ လုံခြုံရေးနှင့် စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် လွန်စွာမှ အရေးပါလှပါတယ်။ သို့ရာတွင် YBS ယာဉ်များ၏ ကြံ့ခိုင်မှုအားနည်းခြင်းကြောင့် ရန်ကုန်မြို့ပြလမ်းမများတွင် မကြာခဏ ယာဉ်တိုက်မှုများဖြစ်ပေါ်ခြင်း၊ ယာဉ်စီးနင်းသူနှင့် လမ်းလျှောက်သူအချို့၏ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါတယ်။ ထို့ပြင် YBS ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းသောကြောင့် မလိုလားအပ်သော ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေသည်ကိုလည်း သိရှိရပါတယ်။ YBS ယာဉ်များ၏ သွားလာမှု၊ အရှိန်ပြင်းစွာ မောင်းနှင်မှုနှင့် နှစ်ထပ်ယာဉ်မောင်းမှုများကို အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်ထိန်းကျောင်းနိုင်ရေးအတွက် Global Positioning System-GPS စနစ်များ တပ်ဆင်ထိန်းကျောင်းသင့်ပါတယ်။ GPS တပ်ဆင်ထားခြင်းအားဖြင့် ဒီအရှေ့မှာဖြစ်တဲ့ကိစ္စတွေကို ထိန်းကျောင်းနိုင်မယ့်အပြင် ကျွန်တော်တို့ အနာဂတ် Smart City ဖော်ဆောင်ရာမှာ လိုအပ်တဲ့ Intelligent Transportation System တည်ဆောက်ရာမှာလည်း များစွာအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်” ဟု ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်မင်းထက်က မေးမြန်းပြောကြားခဲ့သည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် YBS ယာဉ်များ၏ ကြံ့ခိုင်မှုများကို အပတ်စဉ် သို့မဟုတ် လစဉ် စစ်ဆေးရန်နှင့် GPS စနစ်များ တပ်ဆင်ထိန်းကျောင်းရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့်မေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါ မေးမြန်းမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က လာရောက်ဖြေကြားခဲ့ရာ YBS ခရီးသည်တင် မော်တော်ယာဉ်များတွင် Intelligent Transportation System-ITS နည်းပညာအသုံးပြု Telemetics GPS စနစ်ပါဝင်ပြီး CCTV ကင်မရာ GPS စနစ်ပါဝင်သည့် စက်ပစ္စည်းများ တပ်ဆင်၍ ဒဂုံမြို့နယ်၊ အလုံလမ်း ပြည်သူ့ဥယျာဉ်ဝင်းအတွင်းရှိ Control Center မှတစ်ဆင့် နေ့စဉ် YBS ယာဉ်ပြေးဆွဲမှု၊ မောင်းနှင်မှုများ၊ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများနှင့် ထူးခြားဖြစ်စဉ်များ၊ ယာဉ်မတော်တဆမှုဖြစ်စဉ်များကို စောင့်ကြည့်စစ်ဆေးလျက်ရှိရာ စည်းကမ်းပျက်ယာဉ်ဖမ်းဆီးမှု စုစုပေါင်း ၁၇၇၈၁ မှုအား အပြစ်ပေးအရေးယူဆောင်ရွက်ထားကြောင်း ဖြေကြားခဲ့သည်။
“ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ်ပြေးဆွဲလျက်ရှိသည့် YBS ခရီးသည်တင် မော်တော်ယာဉ်များမှာ Intelligent Transportation System-ITS နည်းပညာအသုံးပြု Telematics GPS စနစ် ပါဝင်ပြီးလျှင် CCTV ကင်မရာ GPS စနစ်ပါဝင်သည့် စက်ပစ္စည်းများ တပ်ဆင်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အလုံလမ်း ပြည်သူ့ဥယျာဉ်ဝင်းအတွင်းရှိ Control Center မှတစ်ဆင့် နေ့စဉ် YBS ယာဉ်ပြေးဆွဲမှု၊ မောင်းနှင်မှုများ၊ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများနှင့် ထူးခြားဖြစ်စဉ်များ၊ ယာဉ်မတော်တဆမှုဖြစ်စဉ်များကို စောင့်ကြည့်စစ်ဆေးလျက်ရှိရာ စည်းကမ်းပျက်ယာဉ်ဖမ်းဆီးမှု စုစုပေါင်း ၁၇၇၈၁ မှုအား အပြစ်ပေး အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် ဆက်လက်၍လည်း စည်းကမ်းပျက် Taxi ယာဉ်များအား စောင့်ကြည့်စစ်ဆေးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြန်လည်ဖြေကြားအပ်ပါတယ်” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဖြေကြားခဲ့သည်။
ထို့ပြင် YBS မော်တော်ယာဉ်များတွငင် CCTV ကင်မရာများ GPS စနစ် ပါဝင်ပြီး တပ်ဆင်စောင့်ကြည့်သည့်လုပ်ငန်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာမှစတင်ပြီး လုပ်ငန်းညှိနှိုင်းဆောင်ရွက်၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတွင် CCTV Data Server စမ်းသပ်တပ်ဆင်ခဲ့ရာ ၂၀၂၃ ခုနှစ် ဇွန်တွက် တပ်ဆင်ပြီးစီးခဲ့ပါကြောင်း၊ ထို့နောက် YBS မော်တော်ယာဉ်များမှာ CCTV ကင်မရာနှင့် စက်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်းကိုပင် ၂၀၂၃ ခုနှစ် မတ်လမှာ စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ တပ်ဆင်ပြီးစီးခဲ့ကြောင်း ဗိုလ်မှူးကြီးဝင်းတင့်က ဖြေကြားခဲ့သည်။
ဆက်လက်၍ ဗိုလ်မှူးကြီး ဝင်းတင့်က “ယာဉ်ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြေးဆွဲနေတဲ့ အများပိုင်ကုမ္ပဏီ ၂၁ ခုရှိပါတယ်။ အဲဒီမှာမှ ယာဉ်လိုင်း ၁၃၅ လိုင်း၊ ဒီဟာတွေအပေါ်မှာ ကျွန်တော်တို့ တောက်လျှောက် စဉ်ဆက်မပြတ် ယာဉ်ကြံ့ခိုင်မှုများ စစ်ဆေးဆောင်ရွက်ဖို့ကိုလည်း စာနဲ့ တရားဝင် ထုတ်ပြန်ပြီးတော့မှ အကြောင်းကြားထားပြီးဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ ထုတ်ပြန်ချက်များအရ တစ်ရက်လျှင် ယာဉ်အစီးရေ ၃၅၀ဝ ခန့်၊ ခရီးသည် ၁ ဒသမ ၇ သန်းခန့်ကို နေ့စဉ် ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။



