◾ ပြည်ထောင်စုလွှတ်တော်ကြီး အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် လွှတ်တော် ဥက္ကဋ္ဌကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီး စဉ်များလာရောက်ရန် ဖိတ်ခေါ်လိုပါကြောင်း NPC ဥက္ကဋ္ဌ တောင်းဆို ပြောကြား
သတိုး
၁၆. ၆. ၂၀၂၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (National People’s Congress – NPC) ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိနှင့် The Great Hall of the People ဧည့်ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ ဦးထွန်းအုံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည် သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် တရုတ်နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌက အဆွေတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် လာရောက်မှုအပေါ် လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအနေဖြင့် သံတမန်ဆက်ဆံမှု ၇၆ နှစ်မြောက်ကာလသို့ ရောက်ရှိခဲ့ပြီးဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့် အညီ နေထိုင်လျက်ရှိကြောင်း၊ ယခင်နှစ်က အဆွေတော်သမ္မတကြီးနှင့် မိမိတို့ တရုတ်နိုင်ငံသမ္မတကြီးတို့အနေဖြင့် နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်အရေးပါသည့် သဘောတူညီချက်များ ရရှိခဲ့ကြကြောင်း၊ ယနေ့နံနက်ပိုင်းတွင်လည်း ထပ်မံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား အနာဂတ်လမ်းပြပေးနိုင်မည့် အရေးကြီးသည့် တွေ့ဆုံဆွေးနွေးမှုများနှင့် သဘောတူညီမှုများကို ချမှတ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား သဘောတူညီချက်များနှင့်အညီ အပြန်အလှန်အကျိုးဖြစ်ထွန်းစေနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားလိုကြောင်းနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးဖြစ်ထွန်းစေလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်ထောင်စုလွှတ်တော်ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် လွှတ်တော် ဥက္ကဋ္ဌကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း တရုတ်နိုင်ငံသို့ လေ့လာရေးခရီး စဉ်များလာရောက်ရန် ဖိတ်ခေါ်လိုပါကြောင်း၊ မြန်မာနိုင်ငံတွင် အစိုးရသစ်၏ ဦးဆောင်မှုနှင့်အတူ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများစွာ မလွဲမသွေ ဖြစ်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်းဖြင့် ဦးစွာ ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာတွင် ယခုကဲ့သို့ အဆွေတော်နှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်းနှင့် မြန်မာနိုင်ငံ လွှတ်တော်နှစ်ရပ်ဥက္ကဋ္ဌသစ်များထံသို့ အဆွေတော်ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ မန္တလေးငလျင်ကြီးဖြစ်ပေါ်ကြုံတွေ့ခဲ့ရချိန်တွင် တရုတ်နိုင်ငံက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ အစောဆုံးပေးအပ်ခဲ့ပြီး ပမာဏအများဆုံး ထောက်ပံ့ပေးခဲ့သည့်အတွက် အမြဲတန်ဖိုးထားလျက်ရှိပါကြောင်း၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်နှင့် မြန်မာ့လွှတ်တော်များအကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားလိုပါကြောင်း၊ ယခုအချိန်တွင် ပြည်သူများက ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်များလည်း ပေါ်ထွန်းလာခဲ့ပြီဖြစ်သဖြင့် မြန်မာလွှတ်တော်အမတ်များကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ စေလွှတ်သွားလိုပြီး အဆိုပါလေ့လာရေးခရီးစဉ်များမှ တစ်ဆင့် ဥပဒေပြုရေးလုပ်ငန်းစဉ်များ၊ လွှတ်တော်အုပ်ချုပ်မှုနှင့် ပြည်သူ့ကိုယ်စားပြုမှု ဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန်အတွေ့အကြုံဖလှယ်မှုများ ပြုလုပ်နိုင်မည်ဟုလည်း ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များအကြား ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မိမိတို့လွှတ်တော်များအကြား ဆက်ဆံမှုပိုမိုနက်ရှိုင်းလာစေရန် မျှော်လင့်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အစဉ်အမြဲ အားကိုးရသည့် အိမ်နီးချင်းကောင်းဖြစ်သည့်အပြင် “မိတ်ဆွေစစ်”လည်း ဖြစ်ပါကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကျိုးအတွက် ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေ ကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌတို့သည် နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးဆောင် ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် တိုးမြှင့် ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် သွားနိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ တို့သည် ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

