◾ အမေရိကန်ပညာရှင် ဦးမင်းဇင်မှာ ယခုကာလအတွင်း တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ ပြစ်မှုဖြင့် ပထမဆုံး ဖမ်းဆီးခံရသူ ဖြစ်လာ
သတိုး
၁၃. ၆. ၂၀၂၆
တရုတ်နိုင်ငံ အနောက်တောင်ဘက် နယ်စပ်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးကို လေ့လာနေသည့် အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သူ ဦးမင်းဇင်ကို တရုတ်လုံခြုံရေးအရာရှိများက အမျိုးသားလုံခြုံရေးကို ထိခိုက်စေရန် သူလျှိုလုပ်ဆောင်မှုဖြင့် စွပ်စွဲဖမ်းဆီးထားကြောင်း အဆိုပါဖမ်းဆီးမှုအခြေအနေကို သိရှိသည့် အသိုင်းအဝိုင်းထံမှ သိရသည်။
အမေရိကန်နိုင်ငံသား ဦးမင်းဇင်သည် ဇွန်လအစောပိုင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ ယခင်က သတင်းထွက်ပေါ်ခြင်းမရှိသေးသည့် အဆိုပါဖမ်းဆီးမှုနှင့်ပတ်သက်၍ သံတမန်ရေးရာ ထိလွယ်ရှလွယ်ရှိမှုများကြောင့် အမည်မဖော်လိုသည့် သတင်းမြစ်များက ပြောကြားသည်။ ၎င်းသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမြို့သို့ ရောက်ရှိနေစဉ် ဇွန်လ ၃ ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ အမေရိကန်သံတမန်များသည် သောကြာနေ့တွင် ၎င်းထံ သွားရောက်တွေ့ဆုံခဲ့သည်။
ဤသတင်းဆောင်းပါး ထုတ်ဝေပြီး နာရီပိုင်းအကြာ သောကြာနေ့မွန်းလွဲပိုင်းက ပေကျင်းမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယခုဖမ်းဆီးမှုကို အတည်ပြုခဲ့သည်။ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ဦးမင်းဇင်ကို “တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုတဲ့ သူလျှိုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှု” ရှိသည်ဟူသော သံသယဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်အစိုးရသည် တောင်ပိုင်း ကွမ်ကျိုးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးသို့လည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ပြစ်မှုဖြင့် အမေရိကန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးခြင်းမှာ ဖြစ်ခဲလှပြီး၊ သမ္မတ ထရမ့်ပ်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့အကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်တစ်ခု ထူထောင်ရန် ကြိုးပမ်းနေချိန်တွင် ဦးမင်းဇင်အပေါ် ယခုကဲ့သို့ အရေးယူမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ လာမည့်တနင်္လာနေ့မှစတင်ကာ တရုတ်နိုင်ငံသို့ ငါးရက်ကြာ ခရီးစဉ် သွားရောက်ရန် စီစဉ်ထားကြောင်းလည်း လင်ကျန့်က ပြောကြားခဲ့သည်။
ဦးမင်းဇင်သည် နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ရန်ကုန်မြို့တွင် စတင်အခြေစိုက်ခဲ့သည့် မူဝါဒသုတေသနအဖွဲ့တစ်ခုဖြစ်သော ISP-Myanmar (Institute for Strategy and Policy Myanmar) ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။ ၎င်းသည် နှစ်ပေါင်းများစွာအတွင်း အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏ ဇာတိ မြန်မာနိုင်ငံတို့အကြား သွားလာနေထိုင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ၌ နေထိုင်လျက်ရှိသည်။
၎င်းသည် သတင်းစာကြီးတစ်ခုဖြစ်သည့် The New York Times ၏ အမြင်ကဏ္ဍ (Opinion section) အပြင် Foreign Policy နှင့် အခြားသတင်းမီဒီယာများတွင်လည်း မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆောင်းပါးများကို ရေးသားခဲ့သူဖြစ်သည်။
”တရုတ်နိုင်ငံမှာ အမေရိကန်နိုင်ငံသားတစ်ဦး ထိန်းသိမ်းခံထားရတယ်ဆိုတဲ့ သတင်းတွေကို ကျွန်တော်တို့ သိရှိထားပါတယ်။ အမေရိကန်နိုင်ငံသားတစ်ဦး ထိန်းသိမ်းခံရတဲ့အခါတိုင်း သင့်တော်တဲ့ ကောင်စစ်ဝန်ဆိုင်ရာ ကူညီပံ့ပိုးမှုတွေပေးဖို့ ကျွန်တော်တို့ လုပ်ဆောင်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် The New York Times သတင်းစာသို့ ထုတ်ပြန်ချက်တစ်ရပ်၌ ဖြေကြားခဲ့သည်။ သို့သော် ဖက်ဒရယ်ကိုယ်ရေးအချက်အလက် လုံခြုံမှုဥပဒေအရ အသေးစိတ်အချက်အလက်များကို ပြောကြားရန် ငြင်းဆိုခဲ့သည်။
သောကြာနေ့ညနေပိုင်းတွင် ကောင်စစ်ဝန်ရုံးအရာရှိများက ဦးမင်းဇင်နှင့် တွေ့ဆုံပြီးနောက် ၎င်းသည် ယူနန်ပြည်နယ်သို့ သွားရောက်လည်ပတ်စဉ်အတွင်း ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
ဦးမင်းဇင်၏ဇနီးဖြစ်သူက အီးမေးလ်မှတစ်ဆင့် မှတ်ချက်ပေးရန် တောင်းဆိုမှုကို ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ဝါရှင်တန်ရှိ တရုတ်သံရုံးကလည်း ချက်ချင်းမှတ်ချက်မပေးခဲ့သော်လည်း ကြာသပတေးနေ့ညက သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း “တရုတ်နိုင်ငံဟာ ဥပဒေစိုးမိုးတဲ့ နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ နေထိုင် သွားလာနေကြတဲ့ နိုင်ငံခြားသားအားလုံး တရုတ်ဥပဒေတွေကို လိုက်နာရမှာဖြစ်ပြီး ဥပဒေဖောက်ဖျက်ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်ပါတယ်” ဟု အဆိုပါအမှု၏ အသေးစိတ်ကို သေချာမသိရှိကြောင်း ပြောဆိုရင်း ထုတ်ပြန်ချက် ပေးပို့ခဲ့သည်။
ဤဖမ်းဆီးမှုသည် သမ္မတ ထရမ့်ပ် ပေကျင်းမြို့သို့ သွားရောက်ကာ ရှီ တည်ခင်းဧည့်ခံသည့် နိုင်ငံတော်အဆင့် ထိပ်သီးအစည်းအဝေးနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ပြီး သုံးပတ်မပြည့်မီ အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထရမ့်ပ်သည် တွေ့ဆုံပွဲများအတွင်းနှင့် တွေ့ဆုံမှုအပြီး အင်တာဗျူးများတွင် ရှီကို ချီးကျူးခဲ့ပြီး ပြိုင်ဆိုင်မှုထက် ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးသည့် “G2” မိတ်ဖက်အဖွဲ့အစည်း ဖွဲ့စည်းရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
ထရမ့်သည် ရှီကို ရေရှည်ချီးကျူးအသိအမှတ်ပြုခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ၎င်းစတင်ခဲ့သည့် ကုန်သွယ်ရေးစစ်ပွဲအတွင်း တရုတ်အစိုးရက အမေရိကန်အပေါ် တုံ့ပြန်ကလဲ့စားချေပြီးနောက် တရုတ်နိုင်ငံနှင့် ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်ရန် ရွှေ့ပြောင်းလုပ်ဆောင်ခဲ့သည်။
တရုတ်နိုင်ငံက ယခုကဲ့သို့ အမေရိကန်နိုင်ငံသားတစ်ဦးကို အမျိုးသားလုံခြုံရေးပုဒ်မဖြင့် ထပ်မံဖမ်းဆီးလိုက်ခြင်းက ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုကို ရှုပ်ထွေးသွားစေသည်။ အမေရိကန်အရာရှိတစ်ဦးကမူ တရုတ်အရာရှိများအနေဖြင့် အစိုးရနှစ်ရပ်စလုံးက ခေါ်ဆိုနေသည့် “အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှု” ကို ထူထောင်ရန် အလေးအနက် ကြိုးပမ်းနေသည်ဟု အခိုင်အမာဆိုနေသော်လည်း ယခုဖမ်းဆီးမှုသည် ထိုကြိုးပမ်းမှုကို ထိခိုက်စေကြောင်း ပြောကြားသည်။
တရုတ်နိုင်ငံတွင် အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လှုပ်ရှားနေသည့် Dui Hua ဖောင်ဒေးရှင်းကို တည်ထောင်သူ ဂျွန်ကမ်း (John Kamm) ၏ ပြောကြားချက်အရ တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံသား ၂၀၀ ခန့်ကို ပုံစံတစ်မျိုးမျိုးဖြင့် ထိန်းသိမ်းထားကြောင်း သိရသည်။ အချို့သော အမေရိကန်နိုင်ငံသားများသည် မူးယစ်ဆေးဝါးမှုများဖြင့် ထောင်ကျနေပြီး အချို့မှာမူ ကုန်သွယ်ရေး သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ အငြင်းပွားမှုများကြောင့် “ပြည်ပထွက်ခွာခွင့် ပိတ်ပင်မှု” (Exit bans) ဖြင့် နိုင်ငံတွင်းမှ ထွက်ခွာခွင့်မရဘဲ တားမြစ်ခံထားရခြင်းဖြစ်သည်။
သို့သော် ဂျွန်ကမ်းက လက်ရှိတွင် အမျိုးသားလုံခြုံရေး ထိခိုက်စေမှုဖြင့် ထိန်းသိမ်းခံထားရသည့် အမေရိကန်နိုင်ငံသား မည်သူမျှမရှိကြောင်းနှင့် ဦးမင်းဇင်မှာ ယခုကာလအတွင်း ပထမဆုံးဖြစ်ကြောင်း ပြောသည်။ ၂၀၁၆ ခုနှစ်တွင် သူလျှိုမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ကိုင်လီ (Kai Li) အပါအဝင် အမေရိကန်နိုင်ငံသား သုံးဦးသည် ၂၀၂၄ ခုနှစ်တွင် ဘိုင်ဒင်အစိုးရ၏ အကျဉ်းသားလဲလှယ်မှု အစီအစဉ်ဖြင့် တရုတ်နိုင်ငံမှ လွတ်မြောက်လာခဲ့သည်။ အဆိုပါ လွတ်မြောက်လာသူ သုံးဦးထဲတွင် သူလျှိုမှုဖြင့် ၂၀၂၃ ခုနှစ်က တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ ဂျွန်လျောင် (John Leung)လည်း ပါဝင်သည်။ မစ္စတာလျောင်သည် တရုတ်၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ အမေရိကန် ဗဟိုထောက်လှမ်းရေးဗျူရို (F.B.I.) ထံ နှစ်ပေါင်းများစွာ သတင်းပေးပို့ခဲ့သူဖြစ်ကြောင်း The New York Times သတင်းစာက ဖော်ပြခဲ့ဖူးသည်။
အလားတူ ယခင်က သူလျှိုမှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် အမေရိကန်နိုင်ငံသား ဆန်ဒီ ဖန်ဂီးလစ် (Sandy Phan-Gillis) သည်လည်း နှစ်နှစ်ကျော်ကြာ ထိန်းသိမ်းခံရပြီးနောက် ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံမှ နှင်ထုတ်ခြင်း ခံခဲ့ရသည်။
လွန်ခဲ့သည့် နှစ်လခန့်က စီးပွားရေးဆိုင်ရာ ပြစ်မှုဖြင့် အမေရိကန်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ကြားသိခဲ့ရသည်ဟု ဂျွန်ကမ်းက ဆိုသည်။
ယူနန်ပြည်နယ်ရှိ တရုတ်လုံခြုံရေးအရာရှိများက ဦးမင်းဇင်ကို မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ယူနန်ပြည်နယ်တွင် ယခင်က မြန်မာနိုင်ငံသား အများအပြား ရှိခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါနောက်ပိုင်း လျော့နည်းသွားခဲ့သည်။ တရုတ်နိုင်ငံသည် နယ်စပ်နှစ်ဖက်စလုံးတွင် လှုပ်ရှားနေသည့် မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့အစည်းအချို့ကို ရံဖန်ရံခါ အကူအညီပေးလေ့ရှိသည်။ သို့သော် ဦးမင်းဇင်အနေဖြင့် ထိုသူများနှင့်ပတ်သက်သည့် သုတေသန သို့မဟုတ် လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှု ရှိ၊ မရှိကိုမူ မသေချာပေ။
တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရသည် မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် အစိုးရနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်။ ဦးမင်းဇင်သည် မြန်မာနိုင်ငံအပေါ် တရုတ်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ရေးသားခဲ့သူဖြစ်သည်။
ဦးမင်းဇင်သည် ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း အသက် ၁၄ နှစ်အရွယ် အထက်တန်းကျောင်းသားဘဝဖြင့် တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များရန်မှ တိမ်းရှောင်ကာ ပုန်းအောင်းနေခဲ့ရပြီး ၁၉၉၇ ခုနှစ်တွင် နိုင်ငံတွင်းမှ ထွက်ခွာခဲ့သည်။ ၎င်းက ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် Foreign Policy မဂ္ဂဇင်း၌ ထုတ်ဝေခဲ့သော ဆောင်းပါးတစ်ပုဒ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်လည်ပတ်ခဲ့စဉ်က “ဒီမိုကရေစီ နိုင်ငံရေးစနစ်သစ်တစ်ခုကို လက်ခံကျင့်သုံးနေပုံရသည့်” အခြေအနေကို ကြုံတွေ့ခဲ့ရကြောင်း ရေးသားခဲ့ဖူးသည်။
နီပေါသုတေသနအဖွဲ့တစ်ခု၏ မေလအတွင်းက အွန်လိုင်းထုတ်ပြန်ချက်အရ ဦးမင်းဇင်သည် ယခုလနှောင်းပိုင်းတွင် နီပေါနိုင်ငံ၌ ကျင်းပမည့် မူဝါဒနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ဖိုရမ်တစ်ခုတွင် ဟောပြောသူအဖြစ် တက်ရောက်ရန် လျာထားခြင်းခံရကြောင်း သိရသည်။ ၎င်း၏ ကိုယ်ရေးအကျဉ်းတွင် ရန်ကုန်မြို့၌ တည်ထောင်ခဲ့သော ၎င်း၏သုတေသနအဖွဲ့ဖြစ်သည့် ISP-Myanmar သည် “မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ခေါင်းဆောင်မှုကို မြှင့်တင်ရန်နှင့် အရပ်ဘက်လူထု ပါဝင်မှုကို အားကောင်းစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း” ဖော်ပြထားသည်။
ထို့ပြင် ၎င်းသည် ကာလီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေ (UC Berkeley) တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ (Ph.D) တက်ရောက်နေသူဖြစ်ပြီး၊ ၎င်း၏ သုတေသနစိတ်ဝင်စားမှုများတွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တိုင်းရင်းသားပဋိပက္ခများ ပါဝင်ကြောင်း ဖော်ပြထားသည်။ ၎င်း၏ LinkedIn လူမှုကွန်ရက်စာမျက်နှာအရ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အထိ ဘာကလေတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး နိုင်ငံရေးသိပ္ပံမဟာဘွဲ့ ရရှိခဲ့ကြောင်း သိရသည်။
မကြာသေးမီနှစ်များအတွင်း အမေရိကန်အရာရှိများသည် တရုတ်နိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် အမေရိကန်နိုင်ငံသားအချို့ လွတ်မြောက်ရေးအတွက် ဖိအားပေးခဲ့ကြသလို၊ ထင်ရှားသည့် အမေရိကန်မဟုတ်သော အကျဉ်းသားအချို့ လွတ်မြောက်ရေးအတွက်လည်း ကြိုးပမ်းခဲ့ကြသည်။ ၎င်းတို့အထဲတွင် ဟောင်ကောင်အာဏာပိုင်များ၏ ထောင်ချခြင်းကို ခံထားရသည့် ဗြိတိန်နိုင်ငံသားနှင့် သတင်းစာတည်ထောင်သူ ဂျင်မီလိုင် (Jimmy Lai)၊ အင်္ဂလိပ်အမည် ဧဇရ (Ezra) ဟုခေါ်သည့် တရုတ်လူမျိုး ဂျင်မင်းရီ (Jin Mingri) နှင့် အမှားအယွင်း စွပ်စွဲချက်များဖြင့် သူလျှိုမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသည်ဟု အများက ယုံကြည်ကြသည့် တရုတ်သတင်းထောက်နှင့် ဟားဗတ်တက္ကသိုလ် သုတေသနအဖွဲ့ဝင်ဟောင်း ဒေါင်ယုယု (Dong Yuyu) တို့ ပါဝင်သည်။
သမ္မတ ထရမ့်က ရှီကို စက်တင်ဘာ ၂၄ ရက်ဝန်းကျင်တွင် ဝါရှင်တန်မြို့၌ အပြန်အလှန် လည်ပတ်မှုအဖြစ် လက်ခံတွေ့ဆုံရန် စီစဉ်ထားကြောင်း ပြောကြားထားသည်။
ဂျွန်ကမ်းကမူ ဤထိပ်သီးအစည်းအဝေးများကြောင့် တရုတ်နိုင်ငံက အကျဉ်းသားများအား လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ချက်မရှိကြောင်း ဆိုသည်။
”လက်ရှိ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ လူ့အခွင့်အရေးဟာ အမေရိကန်အစိုးရအတွက် ဦးစားပေးကိစ္စ မဟုတ်ပါဘူး။ ကျွန်တော် မှားသွားဖို့ပဲ မျှော်လင့်ပါတယ်၊ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘူးဆိုတဲ့ ဆန့်ကျင်ဘက် သက်သေအထောက်အထား ဘာမှမတွေ့ရသေးပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: The New York Times
