၁၃.၆.၂၀၂၆
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ကျောင်းသားရာပေါင်းများစွာသည် ဓာတ်ဆီဈေးနှုန်းများ မြှင့်တင်ရန် ယခုအပတ်အတွင်း ဆုံးဖြတ်ချက်အပါအဝင် သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ အစိုးရ၏ အသုံးစရိတ်ဦးစားပေးမှုများ ကို ကန့်ကွက်ဆန္ဒပြရန် ဇွန်လ ၁၂ ရက် တွင် ဂျာကာတာမြို့၌ စုဝေးခဲ့ကြကြောင်း သိရသည်။
တက္ကသိုလ်ကျောင်းသားများက “အင်ဒိုနီးရှားဒေဝါလီခံရန် ဦးတည်ခြင်း” ဟု အမည်ပေးထားသည့် ဆန္ဒပြပွဲကို ကျင်းပရန် ဂျာကာတာမြို့လယ်ရှိ Bundaran HI အထိမ်းအမှတ်နေရာသို့ ချီတက်ခဲ့ကြရာတွင် ရဲနှင့် စစ်ဘက်ဝန်ထမ်းများက သတ်မှတ်ထားသော ဆန္ဒပြရာနေရာသို့ မရောက်ရှိရန် အချို့ကို ပိတ်ဆို့ထားကြောင်း ဆန္ဒပြပွဲ စီစဉ်သူများက ပြောကြားခဲ့ကြသည်။
ဆန္ဒပြသူများက သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ အဓိက အခမဲ့အစားအစာအစီအစဉ်ကို ရပ်တန့်ရန်နှင့် လောင်စာဆီနှင့် အဓိကအစားအစာများ၏ ဈေးနှုန်းများ လျှော့ချရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာသော်လည်း အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် အစိုးရက ဓာတ်ဆီဈေးနှုန်းများကို မပြောင်းလဲဘဲ ထိန်းသိမ်းထားခဲ့သည်။
သို့သော် ပရာဘိုဝို အစိုးရအနေဖြင့် အစိုးရကုန်ကျစရိတ်များအတွက် ဘဏ္ဍာငွေအသုံးစရိတ်များအပေါ် ဖိအားပေးမှုများ မြင့်တက်လာခဲ့ပြီးနောက် ယခုအပတ်အစောပိုင်းတွင် ဈေးနှုန်းများ မြှင့်တင်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြကျောင်းသားများက “လောင်စာဆီဈေးနှုန်း မြှင့်တင်မှုကို ဖျက်သိမ်းပါ”နှင့် “ရှက်ရွံ့ဖွယ်နံရံ” ကဲ့သို့ ပရာဘိုဝို၏ အစိုးရအဖွဲ့ကို ရည်ညွှန်းသည့် ဆောင်ပုဒ်များပါသော် ပိုစတာများကို ကိုင်ဆောင်ထားကြသည်။
အင်ဒိုနီးရှားတက္ကသိုလ်မှ ကျောင်းသားခေါင်းဆောင် ယာတာလာသော့ဖ် မာရှမ် အီမာဝမ်က လောင်စာဆီနှင့် အဓိကအစားအစာများ၏ ဈေးနှုန်းများ လျှော့ချရန်နှင့် အကျိုးမရှိ ဖြုန်းတီးသော အစိုးရအသုံးစရိတ်များကို ရပ်တန့်ရန် ဆန္ဒပြသူများက သမ္မတပရာဘိုဝို၏ အဓိက အခမဲ့အစားအစာများနှင့် ကျေးရွာသမဝါယမအစီအစဉ်များကို ရပ်တန့်ရန် အပါအဝင် တောင်းဆိုချက် ငါးခုပြုလုပ်ထားကြောင်း ပြောကြားခဲ့သည်။
အခမဲ့အစားအစာများအတွက် အလဟဿသုံးစွဲမှုကြောင့် ကနဦးပေးအပ်သော ထောက်ပံ့ကြေးများ ကို ရုပ်သိမ်းခဲ့ရသည့် ဘဏ္ဍာရေးအခြေအနေကို ဖြစ်ပေါ်စေခဲ့ကြောင်း ကျောင်းသားဆန္ဒပြသူ ရာဖေးလ် အာရီဗာက ရဲတပ်ဖွဲ့၏ ပိတ်ဆို့တားဆီးမှုရှေ့တွင် ပြောကြားခဲ့သည်။
ပရာဘိုဝို၏ အရပ်ဘက်ရေးရာများတွင် စစ်ရေးအခန်းကဏ္ဍများ တိုးချဲ့လာမှုကို ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများက ပစ်မှတ်ထားခဲ့ပြီး ၎င်းသည် အင်ဒိုနီးရှားအား ယခင်သမ္မတ ဆူဟာတို လက်ထက်က အာဏာရှင်ခေတ်သို့ ပြန်လည်ပို့ဆောင်နိုင်သည်ဟု စိုးရိမ်ကြသည်။
“ကျွန်တော်တို့က အရာအားလုံး အဆင်မပြေဘူးဆိုတာ ပြသချင်ပါတယ်။ အင်ဒိုနီးရှားကို အမှန်တကယ် ဒေဝါလီခံစေချင်တာ မဟုတ်ပေမယ့် ဒီလုပ်ဆောင်ချက်တွေက အင်ဒိုနီးရှားဟာ စီးပွားရေးအရ၊ ဒီမိုကရေစီအရနဲ့ ကိုယ်ကျင့်တရားအရ ဒေဝါလီခံသွားမယ်ဆိုတာ သက်သေပြနေပါတယ်” ဟု ယာတာလာသော့ဖ်က ပြောကြားခဲ့သည်။
မျက်မြင်သက်သေတစ်ဦးက ကျောင်းသားရာပေါင်းများစွာသည် ဆန္ဒပြရာနေရာသို့ ချဉ်းကပ်လာစဉ် ရဲအရာရှိများနှင့် စစ်ဘက်ဝန်ထမ်း ရာပေါင်းများစွာက ပိတ်ဆို့ထားသည်ကို မြင်တွေ့ခဲ့ရကြောင်း ရိုက်တာသတင်းဌာနကို ပြောခဲ့သည်။
ဆန္ဒပြသူအချို့က ရဲတပ်ဖွဲ့၏ စည်းများနှင့် သတ္တုအတားအဆီးများကို ဖြတ်ကျော်ရန် ကြိုးစားသောအခါ ရုန်းရင်းဆန်ခတ်မှုများလည်း ဖြစ်ပွားခဲ့သည်။
ကလေး ၈၃ သန်းနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများထံ ရောက်ရှိရန် ရည်ရွယ်သည့် အစိုးရ၏ အခမဲ့ အစားအစာအစီအစဉ်အပေါ် သမ္မတ ပရာဘိုဝိုကို ဝေဖန်သူများက ထိရောက်မှုမရှိ၊ ငွေကြေးယိုစိမ့်မှုများစွာ ဖြစ်ပေါ်စေသည့်လုပ်ရပ်အဖြစ် ရှုမြင်ကြပြီး ဝေးလံခေါင်သီသောကျေးလက်ဒေသများတွင် နိုင်ငံရေးထောက်ခံမှုရရှိရန် ကြိုးပမ်းမှုတစ်ခုအဖြစ်သာ ယူဆထားကြသည်။
ထို့အပြင် အစီအစဉ်အရ ကျွေးမွေးသော အစားအစာများကြောင့် ကျောင်းသူကျောင်းသား ထောင်ပေါင်းများစွာလည်း အစီအစဥ်ကို အုပ်ချုပ်မှုနှင့် ကြီးကြပ်မှုနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများ ပေါ်ပေါက်ခဲ့ရသည်။
Ref———-CNA



