၁၃.၆.၂၀၂၆
Written by Linn Eain
၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ခြင်းမရှိသေးဘဲ ထုတ်ပြန်လျှင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website တွင် ကြေညာခြင်းမှအပ မည်သည့် Application မှ ထုတ်ဝေထားခြင်းမရှိကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဇွန် ၁၃ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာစစ်ဌာနတိုင်းတွင် ကြေညာရသည့် လုပ်ငန်းဖြစ်သောကြောင့် အောင်စာရင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ပြီးစီး၍ မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီးတွင် အောင်စာရင်းကပ်ရန် အသင့်ဖြစ်ပြီး သေချာသည့်အချိန်ရောက်မှသာ အောင်စာရင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
အောင်စာရင်းထုတ်ပြန်သည့်အစီအစဉ်ကို နိုင်ငံပိုင် ရုပ်မြင်သံကြား၊ သတင်းစာနှင့် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website များနှင့် ဤ Facebook Page Department of Myanmar Examinations – မြန်မာနိုင်ငံစာစစ်ဦးစီးဌာန တို့မှတစ်ဆင့် ရက်အနည်းငယ် ကြိုတင်၍ တရားဝင်ကြေညာပေးမည်ဖြစ်သည်။
နိုင်ငံတော်အဆင့်ကျင်းပသည့် စာမေးပွဲ၏ အဆင့်အတန်းနှင့်လျော်ညီသော စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအတိုင်း အောင်စာရင်းဆိုင်ရာ လုပ်ငန်းစဉ်များကို တိတိကျကျလိုက်နာဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံးသို့ တစ်ပြေးညီကြေညာခြင်းမှအပ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အောင်စာရင်း ကြိုတင်ပေါက်ကြားရန် အခြေအနေမရှိကြောင်းလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် အောင်စာရင်းနှင့်ပတ်သက်၍ အများပြည်သူ စိတ်ဝင်စားမှုအပေါ် အခွင့်ကောင်းယူ၍ လိမ်ညာမှုများကို သတိပြုရှောင်ရှားကြရန် အသိပေးနှိုးဆော်ထားသည်။
အောင်စာရင်းထုတ်ပြန်မည့်အစီအစဉ် တရားဝင်ကြေညာသည့်အချိန်မှစ၍ https://result.dme.gov.mm/ Website တွင် Countdown တက်လာမည်ဖြစ်ပြီး အောင်စာရင်းထုတ်ပြန်သည့်အချိန် Website တွင် မိမိခုံနံပါတ်ရိုက်ထည့်၍ အလွယ်တကူရှာဖွေကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
