၁၁. ၆. ၂၀၂၆
Translated by Htwe Ko Tun
အိုမန်ကမ်းလွန်ပင်လယ်ပြင်တွင် ကုန်သွယ်ရေးသင်္ဘောတစ်စင်းအား အမေရိကန်စစ်တပ်က ဇွန် ၉ ရက်တွင် တိုက်ခိုက်ခဲ့ရာ အိန္ဒိယသင်္ဘောသား နှစ်ဦး သေဆုံးပြီး တစ်ဦး ပျောက်ဆုံးနေကြောင်း အိန္ဒိယအရှေ့တန်းသင်္ဘောသားများသမဂ္ဂ (FSUI) ကို ကိုးကား၍ ANI သတင်းဌာနက ဖော်ပြခဲ့သည်။
“ကျွန်တော်တို့ သင်္ဘောနဲ့ ဆက်သွယ်ရေးလိုင်း ဖွင့်လို့မရသေးပါဘူး” ဟု FSUI ၏ အထွေထွေအတွင်းရေးမှူး Mr. Manoj Yadav က ANI သတင်းဌာနသို့ ပြောကြားခဲ့ပြီး “ကျွန်တော်ရရှိထားတဲ့ နောက်ဆုံးအချက်အလက်တွေအရ နှစ်ဦး သေဆုံးသွားပြီဖြစ်ပြီး၊ စက်ချုပ်ကြီး (Chief Engineer) ကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ဆုံးရရှိသည့် သတင်းများအရမူ ပျောက်ဆုံးနေသည့် စက်ချုပ်ကြီးမှာလည်း သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် အဆိုပါ တိုက်ခိုက်မှုကြောင့် သေဆုံးရသည့် အိန္ဒိယသင်္ဘောသား အရေအတွက်မှာ ၃ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။ ယင်း တိုက်ခိုက်မှုအပြီးတွင် အိန္ဒိယနိုင်ငံသား ၂၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း သိရသည်။
အမေရိကန်၏ တိုက်ခိုက်မှုကြောင့် သေဆုံးရသည့် အိန္ဒိယသင်္ဘောသားသုံးဦးမှာ အိန္ဒိယနိုင်ငံ၏ မတူညီသော ပြည်နယ်အသီးသီးမှ ဖြစ်ကြကြောင်း ၎င်းက ဆက်လက်ပြောကြားရာ၌ “အဲဒီသုံးဦးဟာ ဟီမာချယ်ပရာဒေ့ရှ် (Himachal Pradesh)၊ အူတာပရာဒေ့ရှ်ပြည်နယ် ဒီအိုရီယာခရိုင် (Deoria) နဲ့ အန္ဓရပရာဒေ့ရှ် (Andhra Pradesh) တို့က ဖြစ်ကြပါတယ်” ဟု ဆိုသည်။

“ဆက်တေဘယ်လို” (Settebello) အမည်ရှိ ကုန်သွယ်ရေးသင်္ဘော တိုက်ခိုက်ခံရမှုသည် အိန္ဒိယနိုင်ငံသား ၂၄ ဦး လိုက်ပါလာသည့် ပလောင်း (Palao) အလံစိုက် သင်္ဘောတစ်စင်းကို အမေရိကန်ရေတပ်က တိုက်ခိုက်ခဲ့ပြီး နှစ်ရက်အကြာတွင် ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။
အိုမန်ကမ်းလွန်ရှိ ကုန်သွယ်ရေးသင်္ဘောကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရန် အိန္ဒိယနိုင်ငံသည် ဗုဒ္ဓဟူးနေ့တွင် အမေရိကန် သံရုံးယာယီတာဝန်ခံ (Charge d’Affaires) ကို ဆင့်ခေါ်ခဲ့သည်။ သံရုံးယာယီတာဝန်ခံ Mr. Jason Meeks ထံသို့ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ကန့်ကွက်လွှာ သို့မဟုတ် သံတမန်ရေးရာ ကန့်ကွက်စာချွန်လွှာ (Demarche) ကို ပေးအပ်ခဲ့ကြောင်း PTI သတင်းဌာန၏ အစီရင်ခံစာအရ သိရသည်။
အိန္ဒိယအစိုးရသည် ယင်းတိုက်ခိုက်မှုအပေါ် တရားဝင်တုံ့ပြန်ရာ၌ ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အနောက်အာရှ (အရှေ့အလယ်ပိုင်း) ဒေသရှိ ကုန်သွယ်ရေးရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ ချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာရေကြောင်းလမ်းများတစ်လျှောက် လွတ်လပ်၍ အဟန့်အတားမရှိသော ရေကြောင်းသွားလာခွင့်ကို အမြန်ဆုံးပြန်လည်ဖော်ဆောင်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
အခြားသတင်းဌာနတစ်ခုဖြစ်သည့် ABP – Live ၏ ထုတ်ပြန်ချက်တွင် ဟော်မုဇ်ရေလက်ကြားအနီး အိုမန်ကမ်းလွန်တွင် အမေရိကန်၏ တိုက်ခိုက်မှုအပြီး၌ အိန္ဒိယအမှုထမ်း သုံးဦး သေဆုံးကြောင်း အတည်ပြုထားသည်ဟု ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုကို အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (US Central Command) က အသိအမှတ်ပြု ထုတ်ပြန်ခဲ့သည်။ ယင်းသင်္ဘောကို တိုက်ခိုက်ရခြင်းမှာ အီရန်နိုင်ငံမှ ရေနံများ သယ်ယူပို့ဆောင်ရန် ကြိုးပမ်းခြင်းဖြင့် အမေရိကန်က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ဖြတ်တောက်ထားမှုအပေါ် ချိုးဖောက်သောကြောင့်ဖြစ်ကြောင်း ဆိုသည်။
သို့သော်လည်း သင်္ဘောပေါ်တွင် အိန္ဒိယနိုင်ငံသားများ လိုက်ပါလာသည်ကို အမေရိကန်တို့ ကြိုတင်သိရှိထားသည်ဟု FSUI မှ Mr. Yadav က စွပ်စွဲပြောဆိုခဲ့သည်။
“အဲဒီသင်္ဘောတွေပေါ်မှာ ဘယ်နိုင်ငံသားတွေ လိုက်ပါလာတယ်ဆိုတဲ့ အချက်အလက်မျိုး အမေရိကန်မှာ မရှိဘူးဆိုတာကို ကျွန်တော် လုံးဝမယုံကြည်ပါဘူး။ ဒါဟာ မဖြစ်နိုင်တာပါ။ အမေရိကန်ရေတပ်အင်အားစုတွေအနေနဲ့ အဲဒီသင်္ဘောတွေပေါ်မှာ အိန္ဒိယနိုင်ငံသားနဲ့ နိုင်ငံခြားသား ဘယ်နှဦးရှိတယ်ဆိုတာ အတိအကျသိတယ်ဆိုတာကို ကျွန်တော် ၁၀၁ ရာခိုင်နှုန်း သေချာပါတယ်။ တကယ်လို့ အဲဒီသင်္ဘောတွေက သူတို့ရဲ့ ညွှန်ကြားချက်တွေကို မလိုက်နာဘူးဆိုရင်တောင် တိုက်ခိုက်မယ့်အစား ထိန်းသိမ်းရိုက်သိမ်းတာမျိုးက ပိုပြီးလုပ်သင့်တဲ့ အခြားရွေးချယ်စရာ ဖြစ်ပါတယ်” ဟု Mr. Yadav က ပြောကြားခဲ့သည်။
Ref : Times Now (With BBC, ANI & PTI inputs)
