




သတိုး
၁၁. ၆. ၂၀၂၆
အမေရိကန်ထောက်ပံ့မှုဖြင့် အဓိက လည်ပတ်နေသည့် ISP Myanmar ဦးဆောင်တည်ထောင်သူ ကိုမင်းဇင် တရုတ်နိုင်ငံတွင် ဖမ်းဆီးခံရသည်ဟု ပြည်ပမီဒီယာအချို့ ဖော်ပြနေသည်။
ပြည်ပရောက်မီဒီယာသမားတချို့ဖြင့် စုဖွဲ့ထားသည့် AAMIJ က #BreakingNews အဖြစ် ISP Myanmarရဲ့ ဦးဆောင်သူတွေထဲက ကိုမင်းဇင်တရုတ်နိုင်ငံတွင်ဖမ်းဆီးခံရ ခေါင်းစဥ်တပ်ကာ “Institute for strategy and policy – Myanmar( ISP Myanmar ) အဖွဲ့ရဲ့ဦးဆောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုမင်းဇင်ကို တရုတ်အစိုးရက တရုတ်နိုင်ငံမှာဖမ်းဆီးလိုက်တယ်လို့ နီးစပ်သူတွေထံမှ သိရပါတယ်။ ဘာကြောင့် တရုတ်အစိုးရက ဖမ်းဆီးလိုက်တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ နောက်ဆက်တွဲသတင်းများနဲ့ သတင်းအသေးစိတ်ကိုဆက်လက်စုံစမ်းပြီးဖော်ပြပေးသွားပါမည်။”ဟု ယခုည ၉ နာရီခန့်က သတင်းတင်ပြထားသည်။
ISP Myanmar သည် ကိုမင်းဇင်၊ ကိုအောင်သူငြိမ်း စသည် ၈၈ မျိိုးဆက်နွှယ်ဝင်ဖြစ်ပြီး အမေရိကန်အပါအဝင် ပြည်ပတွင် ပညာသင်ယူခွင့်ရခဲ့သူတို့ ၂၀၁၆ ခုနှစ်ခန့်ကတည်းက တည်ထောင်ခဲ့ကာ ကိုမင်းဇင်မှာ ခေါင်းဆောင်ဖြစ်သည်။ ISP Myanmar စတင် တည်ထောင်ခဲ့ချိန်မှ ယနေ့ ဆယ်စုနှစ်တစ်ခုခန့် အကြာအထိ တရုတ်နိုင်ငံနှင့် ပတ်သက်သည့် စီမံကိန်းများကိုသာ စိုက်လိုက်မတ်တပ် ဖော်ပြခဲ့သဖြင့် အမေရိကန်နှင့် အနောက်အုပ်စုထောက်ပံ့ခံ၊ အမေရိကန်လိုလားသည့်သုတေသနအဖွဲ့အစည်းနှင့် အမေရိကန် အကျိုးအတွက်သာ အလုပ်လုပ်သည်ဟု ယူဆခံရသော အဖွဲ့အစည်းအဖြစ် ရပ်တည်နေသည်။
ကိုမင်းဇင် ဖမ်းဆီးခံရမှုအပေါ် မိသားစုဝင်များ၊ ISP Myanmar နှင့် ကိုအောင်သူငြိမ်း၊ ISP ဝန်ထမ်းများနှင့် သုတေသီတို့က တစ်စုံတစ်ရာ ဖွင့်ဟ ထုတ်ပြန်ခြင်း မရှိသော်လည်း Burma VJ, လူထုခေတ်၊ အင်းလေးအသံ စသည်တို့အပါမအဝင် ပြည်ပပြေး မီဒီယာများစွာက သတင်းဖော်ပြနေသည်ကို တွေ့ရှိရပြီး လွန်ခဲ့သည့်တစ်ပတ်ကတည်းက ကွမ်ကျိုးလေဆိပ်တွင် ဖမ်းဆီးခံရသည်ဟုလည်း ဖော်ပြနေသည်။
ကိုမင်းဇင် ဖမ်းဆီးခံရမှုအပေါ် MT News က မှန်ကန်မှုရှိမရှိ ဆက်လက် စုံစမ်းဆဲသာဖြစ်ပြီး ဖြစ်စဥ်မှန်မမှန် ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။
