




သက်တံ့
၁၂. ၆. ၂၀၂၆
မက္ကဆီကိုစီးတီးမြို့ရှိ အဆင့်မြှင့်တင်ထားသော အက်ဇ်တီကာ (Azteca) ကွင်းကြီးထဲတွင် ပရိသတ် ၈၀,၀၀၀ ကျော် ရှေ့မှောက်၌ ရှာကီရာ (Shakira)၊ ဘာနာဘွိုင်း (Burna Boy) နှင့် ဂျေဘယ်လ်ဗင် (J Balvin) တို့ ပါဝင်သည့် ကြယ်ပွင့်စုံလင်သော ဖွင့်ပွဲအခမ်းအနားဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယနေ့ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
မြို့တော်တွင် ဆန္ဒပြမှုများနှင့် လူမှုရေးအရ တင်းမာမှုများ မြင့်တက်နေသည့် ကြားကပင် အသင်း ၄၈ သင်း ပါဝင်မည့် ဤပြိုင်ပွဲကြီး၏ အဖွင့်ပွဲစဉ်အဖြစ် မက္ကဆီကိုနှင့် တောင်အာဖရိကအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။
◾ ဂီတသံစဉ်များဖြင့် စတင်လိုက်သည့် ၂၀၂၆ ကမ္ဘာ့ဖလား
ဖွင့်ပွဲအခမ်းအနားကို မက္ကဆီကိုရိုးရာ ယဉ်ကျေးမှုအကများ၊ ရင်သပ်ရှုမောဖွယ် အလင်းအမှောင်ပြကွက်များနှင့် ဖျော်ဖြေမှုများဖြင့် အရောင်အသွေးစုံလင်စွာ စတင်ခဲ့သည်။ ဤပွဲသည် မက္ကဆီကို၊ အမေရိကန်နှင့် ကနေဒါတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် အရှိန်အဟုန်ကောင်း တစ်ရပ်ကို ဖန်တီးပေးခဲ့သည်။ မကြာမီအချိန်အတွင်း ပူးတွဲအိမ်ရှင် အမေရိကန်နှင့် ကနေဒါတို့တွင်လည်း ကမ္ဘာ့ဖလားပွဲစဉ်များကို ဖျော်ဖြေပွဲများဖြင့် ကြီးကျယ်ခမ်းနားစွာ ဆက်လက်ဆင်နွှဲကြဦးမည်ဖြစ်သည်။
မက္ကဆီကို ဖွင့်ပွဲတွင်လည်း တစ်ညတာလုံး ဂီတဖျော်ဖြေမှုများက အဓိကနေရာက ပါဝင်ခဲ့သည်။ မက္ကဆီကို ကွန်ဘီယာ (Cumbia) ဂီတအကျော်အမော်အဖွဲ့ Los Angeles Azules နှင့် ပေါ့ပ်စတား ဘီလင်ဒါ (Belinda) တို့ ပူးပေါင်းပြီး ကမ္ဘာ့ဖလားအယ်လ်ဘမ်အတွက် ၎င်းတို့၏ သီချင်းအသစ်ကို သီဆိုဖျော်ဖြေကာ ပရိသတ်များကို ဆွဲဆောင်ခဲ့ကြသည်။ အဆိုတော် ဒန်နီအိုးရှန်း (Danny Ocean) ကလည်း ၂၀၂၆ ကမ္ဘာ့ဖလား တရားဝင်အယ်လ်ဘမ်တွင် ပါဝင်သည့် ‘Partidazo’ သီချင်းဖြင့် ပရိသတ်ကို ဖမ်းစားခဲ့သည်။
ထို့နောက် ကိုလံဘီယာကြယ်ပွင့်များဖြစ်ကြသည့် ဂျေဘယ်လ်ဗင် (J Balvin) နှင့် ရိုင်ယန်ကက်စထရို (Ryan Castro) တို့က ၎င်းတို့၏ လူကြိုက်အများဆုံး သီချင်းများကို တွဲဖက်သီဆိုကာ ပရိသတ်ကို မြိုင်မြိုင်ဆိုင်ဆိုင် နှိုးဆွပေးခဲ့သည်။ ဖျော်ဖြေမှုမပြီးဆုံးမီ ဂျေဘယ်လ်ဗင်က သူ၏ ကမ္ဘာကျော် အောင်မြင်မှုရသီချင်း ‘I Like It’ ဖြင့် ပရိသတ်ကို စိတ်လှုပ်ရှားဖွယ် ဇာတ်သိမ်းပေးခဲ့သည်။
ထိုည၏ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်တစ်ခုမှာ မက္ကဆီကို ရော့ခ်ဂီတအဖွဲ့ Maná စင်ပေါ်တက်လာချိန် ဖြစ်သည်။ ၎င်းတို့အဖွဲ့၏ ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့သည့် ဂန္ထဝင်သီချင်းဟောင်း “Oye Mi Amor” ကို သီဆိုချိန်တွင် ပရိသတ်ထောင်ပေါင်းများစွာက လိုက်ဆိုခဲ့ကြသဖြင့် ကွင်းတစ်ခုလုံး သီချင်းသံများဖြင့် ဟိန်းသွားခဲ့သည်။
◾ ရှကီရာ ဦးဆောင်သည့် ကမ္ဘာ့ဖလားဖွင့်ပွဲ
နောက်ဆုံးပွဲပိတ်အနေဖြင့် ကမ္ဘာကျော် ပေါ့ပ်ဘုရင်မ ရှကီရာက လူအများ စောင့်မျှော်နေကြသည့် ယခုပြိုင်ပွဲ၏ တရားဝင် သီချင်းဖြစ်သော ‘Dai Dai’ ကို သီဆိုကာ ခမ်းနားထည်ဝါစွာ ပွဲသိမ်းပေးခဲ့သည်။ စင်ပေါ်တွင် နိုင်ဂျီးရီးယား ဂီတလောက၏ လျှမ်းလျှမ်းတောက်ကြယ်ပွင့် ဘာနာဘွိုင်း (Burna Boy) ကလည်း အတူတူပါဝင် ဆင်နွှဲခဲ့ပြီး အကြီးမားဆုံးသော ဘောလုံးပွဲတော်ကြီးအတွက် အကောင်းဆုံး ပွဲဦးထွက် ပေးနိုင်ခဲ့သည်။ ရှကီရာသည် ကမ္ဘာ့ဖလားသီချင်းကို သီဆိုရုံသာမက သူမ၏ အမှတ်တံဆိပ်ဖြစ်သော ကကွက်များဖြင့်ပါ မက္ကဆီကိုစီးတီး၏ အထင်ကရ အက်ဇ်တီကာကွင်းကြီးအတွင်းရှိ ပရိသတ်များကို ဆွဲဆောင်ညှို့ယူခဲ့သည်။
ယခု ‘Dai Dai’ သီချင်းမတိုင်မီကလည်း ကိုလံဘီယာစူပါစတား ရှကီရာသည် တောင်အာဖရိကတွင် ကျင်းပခဲ့သည့် ၂၀၁၀ ဖီဖာကမ္ဘာ့ဖလား တရားဝင်သီချင်း “Waka Waka (This Time for Africa)” ကို Freshlyground အဖွဲ့နှင့်အတူ ပူးတွဲရေးသား သီဆိုခဲ့ဖူးပြီး ကျင်းပခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် အအောင်မြင်ဆုံးသီချင်းအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့သည်။ ယခု ၂၀၂၆ ဖွင့်ပွဲသီချင်း Dai Dai သည် ၂၀၁၀ ကမ္ဘာ့ဖလားသီချင်း Waka Waka ၏ အောင်မြင်မှုအပေါ် ကျော်ဖြတ်နိုင်မည်လောဆိုသည်ကိုမူ အချိန်တိုအတွင်း ဆုံးဖြတ်နိုင်ခြင်း မရှိသေးပေ။





◾ ကမ္ဘာ့ဖလားသီချင်းများ ဖန်တီးမှုအပေါ် ရှာကီရာ၏ အမြင်
”ဘောလုံးဆိုတာ ယဉ်ကျေးမှုပေါင်းစုံနဲ့ လူတန်းစားပေါင်းစုံက လူတွေကို စည်းလုံးစေတဲ့အရာပါ” ဟု သူမက AP သတင်းဌာနကို ပြောကြားခဲ့သည်။ “ကမ္ဘာ့ဖလားသီချင်းတစ်ပုဒ် ဖန်တီးရတဲ့ ကြီးမားတဲ့ တာဝန်က ဘာလဲဆိုတော့ လူတွေရဲ့ ခံစားချက်၊ စိတ်လှုပ်ရှားမှုနဲ့ ရမ္မက်တွေကို ကိုယ်စားပြုနိုင်မယ့် သီချင်းမျိုး ဖြစ်အောင် လုပ်ရတာပါပဲ။ ဒါကြောင့် ဒီသီချင်းဟာ ကမ္ဘာလုံးဆိုင်ရာ ဖြစ်ရမယ်၊ ယဉ်ကျေးမှုတွေ အများကြီးကို လွှမ်းခြုံနိုင်ရမယ်၊ ပြီးတော့ သံစဉ်တစ်ခုတည်းမှာ လူအများကြီးကို ကိုယ်စားပြုနိုင်ရမယ်ဆိုတာကို နားလည်ပြီး ရေးရပါတယ်။ ဒါက ပြီးခဲ့တဲ့ အတိတ်မှာ သီချင်းတွေ ဖန်တီးခဲ့တုန်းကလည်း ကျွန်မကို အများကြီး ကူညီပေးခဲ့ပါတယ်” ဟု ရှကီရာက ဆက်လက်ပြောပြသည်။
ထိုကဲ့သို့သော သဘောတရားပိုင်းဆိုင်ရာ အိုင်ဒီယာများအပြင် သီချင်း၏ ရစ်သမ် (စည်းချက်) ပိုင်းနှင့် ပတ်သက်၍လည်း ရှကီရာတွင် သီးသန့်အကြံပြုချက် ရှိနေသည်။
”ကောင်းမွန်တဲ့ ကမ္ဘာ့ဖလားသီချင်းတစ်ပုဒ်မှာ စည်းချက်က မရှိမဖြစ် လိုအပ်တယ်လို့ ကျွန်မ ခံစားရတယ်။ စည်းချက်က လူတွေကို ကချင်စိတ်ပေါက်လာအောင် လုပ်ပေးနိုင်ရမယ်။ ပြီးတော့ လူတိုင်း စိတ်တူကိုယ်တူ လိုက်ဆိုနိုင်မယ့်၊ လည်ချောင်းကွဲမတတ် အော်ဆိုနိုင်မယ့် ဓမ္မတေး (Anthem) လိုမျိုး သီချင်းလည်း ဖြစ်ရမယ်။ အဲ့ဒီလို စွမ်းအင်မျိုး ရှိဖို့လိုတယ်၊ ဒါက လုံးဝ မရှိမဖြစ်ပါပဲ” ဟု သူမက ဆိုသည်။
◾ အိမ်ရှင် မက္ကဆီကိုက အဖွင့်ပွဲကို နိုင်ပွဲဖြင့် စတင်ပြီး ပြိုင်ပွဲကြီးကို မိတ်ဆက်
ခမ်းနားကြီးကျယ်လှသော ဖွင့်ပွဲအခမ်းအနားအပြီး (မြန်မာစံတော်ချိန် ဇွန် ၁၂ ရက် နံနက် ၁ နာရီခွဲအချိန်) တွင် ကစားခဲ့သည့် အဖွင့်ပွဲစဉ်၌ အိမ်ရှင် မက္ကဆီကိုအသင်းသည် ပရိသတ် ၈၀,၀၀၀ ကျော်၏ တစ်ခဲနက်အားပေးမှုနှင့်အတူ တောင်အာဖရိကအသင်းကို ၂ – ၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး မိမိတို့မြေပေါ်တွင် အဖိုးတန် အုပ်စုအဖွင့် ၃ မှတ်ကို အရယူနိုင်ခဲ့သည်။ မြို့တော်အတွင်း တင်းမာမှုအချို့ ရှိနေခဲ့သော်လည်း ကွင်းအတွင်းရှိ ပရိသတ်များ၏ အားပေးမှုအရှိန်အဟုန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို သိုက်သိုက်ဝန်းဝန်းနှင့် အောင်မြင်စွာ စတင်နိုင်ခဲ့ကြောင်း ပြသရာရောက်ခဲ့သည်။









ယခု ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး (FIFA World Cup 2026) ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ မြောက်အမေရိကတိုက်ရှိ နိုင်ငံသုံးနိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စု၊ ကနေဒါ နှင့် မက္ကဆီကိုနိုင်ငံ တို့တွင် ပူးတွဲအိမ်ရှင်အဖြစ် စတင်ကျင်းပနေခြင်း ဖြစ်သည်။
ဤပြိုင်ပွဲသည် ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အိမ်ရှင် ၃ နိုင်ငံ စုပေါင်းကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းအရေအတွက်ကိုလည်း ၃၂ သင်းမှ ၄၈ သင်းအထိ တိုးမြှင့်ကာ ပွဲစဉ်ပေါင်း ၁၀၄ ပွဲအထိ အကြီးကျယ်ဆုံး ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲကြီးတွင် အိမ်ရှင်မြို့များအဖြစ် အမေရိကန်ပြည်ထောင်စုက ၁၁ မြို့၊ မက္ကဆီကိုက ၃ မြို့နှင့် ကနေဒါက ၂ မြို့ဖြင့် ဗဟိုပြုကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲပုံစံသစ်အရ အသင်း ၄၈ သင်းကို တစ်အုပ်စုလျှင် ၄ သင်းစီဖြင့် အုပ်စု ၁၂ ခု ခွဲခြားထားသည်။ အုပ်စုတစ်ခုချင်းစီမှ ထိပ်ဆုံး ၂ သင်းနှင့် အကောင်းဆုံးအုပ်စု တတိယရရှိသူ ၈ သင်း၊ စုစုပေါင်း ၃၂ သင်းသည် အဆင့်ဆင့်ရှုံးထွက်ပြိုင်ပွဲ (Round of 32) သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး ဇူလိုင်လ ၁၉ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်/နျူဂျာဆီရှိ မက်လိုက်ဖ် (MetLife Stadium) ကွင်းကြီး၌ ဗိုလ်လုပွဲကျင်းပမည်ဖြစ်သည်။
Ref: TOI
