၁၂.၆.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ အကြီးဆုံးသမီးတော်ဖြစ်သည့် အသက် ၄၇ နှစ်အရွယ်ရှိ မင်းသမီး ဘာဇရာကိတီယာဘာ နရန်ဒီရာဒေဗျူမှာ ဇွန်လ ၁၁ ရက် ညတွင် ကွယ်လွန်သွားခဲ့ကြောင်း တော်ဝင်အိမ်တော်ဗျူရိုက ဇွန်လ ၁၂ ရက်၊ နံနက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မေလ ၂၁ ရက်မှစ၍ တော်ဝင်ဆေးအဖွဲ့သည် မထိန်းချုပ်နိုင်သော ပြင်းထန်သော ရောဂါပိုး ကူးစက်ခံရမှုကြောင့် ဆေးရုံတင်ထားရသည့် မင်းသမီး ဘာဇရာကိတီယာဘာ၏ ကျန်းမာရေးကို အနီးကပ် စောင့်ကြည့်နေခဲ့ပြီး အဓိကအင်္ဂါအစိတ်အပိုင်းများစွာ၏ လုပ်ဆောင်ချက်ကို ထိခိုက်စေခဲ့ကြောင်း ဗျူရိုက ကြေညာချက်တွင် ပြောကြားခဲ့သည်။
နခွန်ရတ်ချ်မာပြည်နယ်၊ ပတ်ချုံခရိုင်တွင် သူမ၏အိမ်မွေးခွေးကို လေ့ကျင့်ပေးနေစဉ် နှလုံးနှင့်ဆက်စပ်သောရောဂါကြောင့် လဲကျခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ ဆေးရုံတက်ခဲ့ရသော မင်းသမီးမှာ အကောင်းဆုံးကုသပေးခဲ့သော ဆရာဝန်အဖွဲ့၏ စဉ်ဆက်မပြတ်ဆေးကုသမှုကို ခံယူနေသော်လည်း ဘုရင်ချူလာလောင်ကွန်း အောက်မေ့ဖွယ်ဆေးရုံ၌ ကွယ်လွန်သွားခဲ့ခြင်းဟု ကြေညာချက်က ဖော်ပြခဲ့သည်။
ကြေညာချက်အရ ဆရာဝန်များသည် မင်းသမီးမှာ အူမကြီးရောင်ရမ်းခြင်းကြောင့် ဝမ်းဗိုက်ပိုးဝင်ခြင်းကို ဧပြီလတွင် တွေ့ရှိခဲ့သည်။ ယင်းကြောင့် မင်းသမီး၏ ကျန်းမာရေး အခြေအနေပို၍ မတည်မငြိမ်ဖြစ်လာပြီး သွေးပေါင်ချိန်ကျဆင်းခြင်း၊ နှလုံးခုန်မမှန်ခြင်းနှင့် သွေးခဲမှုမမှန်ခြင်းတို့ ဖြစ်လာခဲ့သည်။
ကြေညာချက်က သူမ၏ အခြေအနေသည် ဇွန်လ ၁၁ ရက်ညတွင် ကွယ်လွန်သည်အထိ တဖြည်းဖြည်း ဆိုးရွားလာခဲ့ကြောင်းလည်းဖော်ပြခဲ့သည်။
ထိုင်းဘုရင်မင်းမြတ် တော်ဝင်အစဉ်အလာနှင့်အညီ အမြင့်ဆုံးဂုဏ်ထူးဖြင့် တော်ဝင်ဈာပနအခမ်းအနားများကို စီစဉ်ရန် တော်ဝင်အိမ်တော်ဗျူရိုအား အမိန့်ပေးခဲ့ကြောင်း သိရသည်။ မင်းသမီး ဘာဇရာကိတီယာဘာ ဘန်ကောက်မြို့၊ တော်ဝင်နန်းတော်ရှိ Phiman Rattaya Throne Hall တွင် နိုင်ငံတော်အခမ်းအနားဖြင့် မြှုပ်နှံကာ ဈာပနအခပ်းအနားကျင်းပမည်ဖြစ်သည်။
မင်းသမီး ဘာဇရာကိတီယာဘာ သည် ထိုင်းဘုရင်မင်းမြတ်နှင့် မင်းသမီး Soamsawali Krom Muen Suddhanarinatha တို့၏ အကြီးဆုံးသမီးတော်ဖြစ်သည်။
Ref- Bangkok Post




