သက်တံ့
၁၂. ၆. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် ဂါရဝပြုတွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက အသိပေးသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံခြားရေးဝန်ကြီး မစ္စတာ သောင်ဆာဗန် ဖွန်ဗီဟန် (Thongsavanh Phomvihane) သည် လာမည့် ဇွန်လ ၁၂ ရက်မှ ၁၃ ရက်အထိ မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ တရားဝင်အလည်အပတ်ခရီးစဉ် လာရောက်ရန် နေပြည်တော်သို့ ဇွန်လ ၁၁ ရက်ညနေတွင် ရောက်ရှိလာခဲ့သည်။
အဆိုပါခရီးစဉ်သည် ဆယ်စုနှစ် ခုနစ်စုကျော် ကြာမြင့်ခဲ့ပြီဖြစ်သော နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော်က ရွေးကောက်တင်မြှောက်ကာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖူအန်ကက်ကောင်း၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတု ဆရီ ဟာဂျီ မိုဟာမက် ဘင် ဟာဂျီ ဟာဆန်နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီအိုနိုတို့ လာရောက်ကာ နိုင်ငံတော်သမ္မတထံ ဂါရဝပြု တွေ့ဆုံခဲ့ကြသလို ယခုလည်း လာအိုနိုင်ငံခြားရေးဝန်ကြီး သောင်ဆာဗန် ဖွန်ဗီဟန်၏ ခရီးစဉ် ထပ်မံပေါ်ထွက်လာကာ ယနေ့တွင် နိုင်ငံတော်သမ္မတထံ လာရောက်ဂါရဝပြုနေခြင်း ဖြစ်သည်။
အဆိုပါ အိမ်နီးချင်းနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ လာရောက်ဂါရဝပြုတွေ့ဆုံမှုများအပြင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း အိန္ဒိယသမ္မတ၊ ဝန်ကြီးချုပ်တို့အပြင် အရေးပါသော ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကဏ္ဍများကို စီမံချမှတ်နိုင်ခဲ့သည့် အောင်မြင်သော ခရီးစဉ်တစ်ခုအဖြစ် ဖော်ဆောင်နိုင်ခဲ့သည်။






