သက်တံ့
၁၁. ၆. ၂၀၂၆
အိန္ဒိယနိုင်ငံ၌ ပထမဆုံး ‘Made-in-India’ (အိန္ဒိယတွင် ပြုလုပ်သည်) အစီအစဉ်ဖြင့် ထုတ်လုပ်သည့် C-295 စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်သည် ဂူဂျာရတ် (Gujarat) ပြည်နယ်ရှိ အပြီးသတ် တပ်ဆင်ရေးစက်ရုံတွင် ၎င်း၏ ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ရာ ၎င်းမှာ “အိန္ဒိယ၏ လေကြောင်းနှင့် ကာကွယ်ရေးကဏ္ဍအတွက် အရေးပါသော မှတ်တိုင်သစ်တစ်ခု” ဖြစ်လာခဲ့သည်။
အဆိုပါ C-295 လေယာဉ်များကို တာတာ အဆင့်မြင့်စနစ်များ လီမိတက် (TASL) က စပိန်နိုင်ငံအခြေစိုက် အဲဘတ်စ် (Airbus) ကုမ္ပဏီနှင့် ပူးပေါင်း၍ ဗာဒိုဒါရာ (Vadodara) မြို့ရှိ စက်ရုံတွင် တပ်ဆင်ထုတ်လုပ်နေခြင်း ဖြစ်သည်။
Airbus Defence (အဲဘတ်စ်ကုမ္ပဏီ၏ စစ်ဘက်ဆိုင်ရာဌာန) က ဗုဒ္ဓဟူးနေ့တွင် X လူမှုကွန်ရက် (ယခင် တွစ်တာ) မှတစ်ဆင့် ထုတ်ပြန်ရာ၌ “ယခု ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုသည် လေယာဉ်ထုတ်လုပ်ပြီးနောက်ပိုင်း စမ်းသပ်စစ်ဆေးမှုလုပ်ငန်းစဉ်တွင် အလွန်အရေးပါသော အဆင့်တစ်ခု ဖြစ်သည်။ အိန္ဒိယတွင် တည်ဆောက်မည့် လေယာဉ်စင်းရေ ၄၀ အနက် ပထမဆုံးအစင်း၏ စမ်းသပ်ပျံသန်းမှုဖြစ်ပြီး၊ ၎င်းသည် ယခုနှစ်အတွင်း ပထမဆုံး ပြည်တွင်းထုတ် C-295 လေယာဉ်ကို အိန္ဒိယလေတပ် (IAF) ထံ လွှဲပြောင်းပေးအပ်နိုင်မည့် စီမံကိန်းရည်မှန်းချက်ကို ပိုမိုနီးစပ်စေခဲ့သည်။ အစိုးရ၏ ‘Make in India’ စီမံကိန်းမျှော်မှန်းချက်တွင် အချိုးအကွေ့တစ်ခု ဖြစ်လာမည့် ဤစီမံကိန်းသည် အိန္ဒိယစစ်ဘက်လေယာဉ်ထုတ်လုပ်မှု သမိုင်းတွင် ပုဂ္ဂလိကကဏ္ဍမှ ပထမဆုံးအကြိမ် ဦးဆောင်ထုတ်လုပ်သည့် ဖြစ်စဉ်လည်း ဖြစ်သည်” ဟု ဖော်ပြထားသည်။

အိန္ဒိယအစိုးရသည် C-295 သယ်ယူပို့ဆောင်ရေးလေယာဉ် ၅၆ စင်း ဝယ်ယူရန်အတွက် စပိန်နိုင်ငံနှင့် ရူပီး ၂၁,၉၃၅ ကုဋေခန့် (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော်) တန်ဖိုးရှိ စာချုပ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။
၎င်းတို့အနက် လေယာဉ် ၁၆ စင်းကို စပိန်နိုင်ငံမှ တိုက်ရိုက်အဆင်သင့် ပျံသန်းနိုင်သည့် အခြေအနေ (Fly-away condition) ဖြင့် ပေးပို့မည်ဖြစ်ပြီး၊ ကျန်ရှိသည့် လေယာဉ်အစင်းရေ ၄၀ ကိုမူ “Make in India” အစီအစဉ်အောက်တွင် ပြည်တွင်း၌ ဆက်လက်ထုတ်လုပ်သွားမည် ဖြစ်သည်။ အဆိုပါ ဗာဒိုဒါရာစက်ရုံကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်းချက်ဇ် တို့က ပူးတွဲဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
ယခု စမ်းသပ်ပျံသန်းမှု အောင်မြင်ခြင်းအပေါ် အိန္ဒိယလေတပ် (IAF) က ကြိုဆိုခဲ့ပြီး နောက်ကွယ်မှ ကြိုးပမ်းခဲ့သည့် အဖွဲ့သားအားလုံးကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် လေတပ်၏ ထုတ်ပြန်ချက်၌ “ယခုကဲ့သို့ အောင်မြင်မှုရရှိခြင်းသည် အိန္ဒိယနိုင်ငံ၏ တိုးတက်လာနေသော အာကာသနှင့် လေကြောင်းဆိုင်ရာ စွမ်းဆောင်ရည်များကို ပိုမိုခိုင်မာစေရုံသာမက ‘အတ္တမနီဘာ ဘာရတ်’ (Atmanirbhar Bharat – ကိုယ့်အားကိုယ်ကိုး အိန္ဒိယ) မျှော်မှန်းချက်အောက်တွင် ပြည်တွင်းကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် လေတပ်၏ သန္နိဋ္ဌာန်ချမှတ်ထားမှုကိုလည်း ထင်ဟပ်ပေါ်လွင်စေပါသည်” ဟု ဆိုသည်။
ပြီးခဲ့သည့်လကလည်း အိန္ဒိယလေတပ် ဒုတိယဦးစီးချုပ် (Deputy Chief of the Air Staff) ဖြစ်သူ လေတပ်ဒုတိယဗိုလ်ချုပ်ကြီး အာဝါဒတ်ရှ် ကူးမား ဘာရ်သီ (Awadhesh Kumar Bharti) သည် C-295 လေယာဉ်ထုတ်လုပ်မှု အခြေအနေကို ကိုယ်တိုင်မျက်မြင်စစ်ဆေးရန် အဆိုပါ ဗာဒိုဒါရာစက်ရုံသို့ သွားရောက်ခဲ့သေးသည်။
လက်ရှိတွင် အိန္ဒိယလေတပ်၌ သက်တမ်းရင့်နေပြီဖြစ်သော Avro-748 လေယာဉ်အုပ်စုနေရာတွင် ဤ C-295 လေယာဉ်များဖြင့် အစားထိုး အသုံးပြုသွားမည်ဖြစ်သည်။
C-295 သည် စစ်သည်များ ရွှေ့ပြောင်းခြင်း၊ ကုန်စည်သယ်ယူပို့ဆောင်ခြင်း၊ ဆေးဘက်ဆိုင်ရာ လူနာကယ်ဆယ်ရေး (Medical evacuation) နှင့် အထူးစစ်ဆင်ရေး (Special operations) တာဝန်များအတွက် ဒီဇိုင်းထုတ်ထားသည့် စစ်ဘက်ဆိုင်ရာ အလတ်စား နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလေယာဉ် (Medium tactical military transport aircraft) အမျိုးအစား ဖြစ်ပြီး လက်နက်အပြည့်အစုံဖြင့် စစ်သည်အင်အား ၇၀၊ လေထီးဆင်းတပ်သား ၄၈ ဦး သို့မဟုတ် ဆေးဘက်ဆိုင်ရာ လူနာထမ်းစင် ၂၄ စင်အထိ သယ်ဆောင်နိုင်သည်။ Pratt & Whitney PW127G တာဘိုပရော့ (Turboprop) အင်ဂျင်နှစ်လုံး တပ်ဆင်ထားပြီး ပြေးလမ်းတိုအတွင်း အတက်အဆင်းပြုလုပ်နိုင်သည့် စွမ်းရည် (Short take-off and landing – STOL) ရှိကာ ကြမ်းတမ်းခက်ခဲသော လေယာဉ်ကွင်းများ၊ မြေသားပြေးလမ်းများနှင့် ပြေးလမ်းတိုများတွင်ပါ အားကောင်းစွာ အသုံးပြုနိုင်သည်။
ထို့ကြောင့် ဤလေယာဉ်သည် အိန္ဒိယစစ်ဘက်၏ လိုအပ်ချက်များဖြစ်သော အထူးသဖြင့် တောင်ကုန်းတောင်တန်းထူထပ်သည့် ဒေသများနှင့် ဝေးလံခေါင်သီသော နယ်စပ်ရှေ့တန်းစခန်းများတွင် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရန်အတွက် အလွန်ကိုက်ညီသည့် စစ်ဘက်သုံး လေယာဉ်အမျိုးအစား ဖြစ်ကြောင်း သိရသည်။
Ref : TOI & Hindustan Times
