


၁၁.၆.၂၀၂၆
Written by KL
သူနာပြုဆရာမတစ်ဦး နေအိမ်တွင် ကြိုးဆွဲချ (ဆွဲကြိုးချ) သေဆုံးမှု ဇွန်လ ၁၀ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့၊ လှိုင်ဘုံသာရပ်ကွက်၊ နယ်မြေ (၃)၊ အေးသိင်္ဂီလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၃၆ နှစ်အရွယ် မအေးမြတ်မွန်ဖြစ်ပြီး အေးသာယာတိုက်နယ်ပြည်သူ့ဆေးရုံတွင် သူနာပြုဆရာမအဖြစ် တာဝန်ထမ်းဆောင်သူဖြစ်ကြောင်း သိရသည်။
သူနာပြုဆရာမမှာ ၂ ရက်ကြာသည်အထိ လုပ်ငန်းခွင်သို့ ရောက်မလာသဖြင့် ဆေးရုံတာဝန်ရှိသူများက နေအိမ်သို့ လာရောက်ကြည့်ရှုရာမှ သူနာပြုဆရာမမှာ နေအိမ်ထုပ်တန်းတွင် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သူနာပြုဆရာမ မအေးမြတ်မွန်သည် အနေအေးသူဖြစ်ကာ စိတ်သဘောထားကောင်းမွန်သူဖြစ်ပြီး မေလ ၂၅ ရက်နေ့က သူမ အသက် ၃၆ နှစ်ပြည့်မွေးနေ့တွင် ဘိုးဘွားရိပ်သာတွင် လှူဒါန်းမှုပြုခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအဖွဲ့မှအဖွဲ့ဝင်များက စဝ်စံထွန်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး ကြိုးဆွဲချသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် ရွှေညောင်နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဥ် ရေးဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။
