၁၁. ၆. ၂၀၂၆
တပ်မတော်သူနာပြုတပ်ဖွဲ့ဝင် ဗိုလ်ကြီး ဘိုဘိုကို ဧရာဒေါင်း PDF အဖွဲ့က ဖမ်းဆီးရမိခဲ့ပြီးနောက် မကွေးတိုင်းစစ်ဌာနထံ သုံပန်းအဖြစ် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မိတ္ထီလာမြို့ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၅၀၀) တွင် တာဝန်ကျနေသည်ဟုဆိုသည့် သူနာပြုဗိုလ်ကြီး ဘိုဘိုကို ချောက်-ဆိပ်ဖြူ လမ်းပိုင်းတွင် ဧရာဒေါင်း PDF အဖွဲ့က မတ်လ ၁ ရက်တွင် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းနှင့် မေလ ၈ ရက်နေ့တွင် ဗိုလ်ကြီးဘိုဘိုကို စစ်သုံပန်းအဖြစ် မကွေးတိုင်းစစ်ဌာနထံသို့ ဂျီနီဗာကွန်ဗန်းရှင်းနှင့်အညီ စောင့်ရှောက်ရန် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ လွှဲပြောင်းပြီးနောက် အဆိုပါစစ်သုံပန်းဖြစ်သူ ဗိုလ်ကြီးဘိုဘိုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဘေးကင်းလုံခြုံရေး တာဝန်ယူခြင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မကွေးတိုင်းစစ်ဌာနမှ အပြည့်အဝ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ဦးနှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဧရာဒေါင်းက ထုတ်ပြန်ထားသည်။
