◾️ အလုပ်တာဝန်များကို ရိုဘော့များ ပိုမိုကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရန်အတွက် ပထမလူအမြင် (First-person) ဗီဒီယိုမှတ်တမ်းများက အဓိကအရေးပါလျက်ရှိ
သတိုး
၁၁. ၆. ၂၀၂၆
အိန္ဒိယနိုင်ငံသူ အိမ်ရှင်မတစ်ဦးဖြစ်သူ မစ္စ နာဂီရက်ဒီ သီရိရာမာစန္ဒရာသည် သူမ၏ ဦးခေါင်းတွင် စမတ်ဖုန်းတစ်လုံးကို စည်းနှောင်ထားပြီး သရက်သီးလှီးနေသည့် သူမ၏ လှုပ်ရှားမှုများကို ဗီဒီယိုရိုက်ကူးနေသည်။ ၎င်းမှာ အနာဂတ်တွင် အိမ်မှုကိစ္စများကို လုပ်ဆောင်ပေးမည့် ဉာဏ်ရည်တုစနစ်သုံးစက်ရုပ် (AI Robot) များကို လေ့ကျင့်သင်ကြားပေးရန်အတွက် ဖြစ်သည်။
ဗီဒီယိုရိုက်ကူးမှု တစ်နာရီလျှင် နှစ်ဒေါ်လာကျော် (ရူပီး ၂၅၀ ခန့်) သာ ရရှိသော်လည်း သူမ၏ သာမန်နေ့စဉ်လှုပ်ရှားမှု ဗီဒီယိုမှတ်တမ်းများသည် ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးများအတွက်မူ စက်ပစ္စည်းများကို လူသားများကဲ့သို့ လက်တွေ့ကမ္ဘာတွင် မည်သို့လှုပ်ရှားရမည်ကို သင်ကြားပေးရာ၌ တန်ဖိုးမဖြတ်နိုင်သော အချက်အလက်များ ဖြစ်ကြသည်။
အသက် ၂၅ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီးသည် ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံတွင် အရေအတွက် အင်အားသောင်းချီ၍ တိုးပွားလာနေသော AI စနစ် လေ့ကျင့်သင်ကြားပေးသူ (AI Trainers) များထဲမှ တစ်ဦးဖြစ်သည်။
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နာဒူးပြည်နယ်၊ ချန်နိုင်းမြို့ရှိ သူမ၏ မီးဖိုချောင်တွင် ရှိနေစဉ် မစ္စ သီရိရာမာစန္ဒရာက “အိမ်မှုကိစ္စလေး လုပ်ပေးရုံနဲ့ တစ်နာရီကို ရူပီး ၂၅၀ ပေးမယ့်သူ ဘယ်သူရှိမှာလဲ။ အနာဂတ်မှာ ကျွန်မကိုယ်တိုင်လည်း စက်ရုပ် (Robot) တစ်ရုပ်လောက် ဝယ်ထားနိုင်ကောင်းပါရဲ့” ဟု ပြောကြားခဲ့သည်။
ဥာဏ်ရည်တု (AI) Chatbots များနှင့် ရုပ်ပုံဖန်တီးပေးသည့် စနစ်များသည် ဒစ်ဂျစ်တယ်အချက်အလက် အမြောက်အမြားကို လေ့လာဆန်းစစ်နိုင်ကြသော်လည်း လက်တွေ့ဘဝ ပတ်ဝန်းကျင်တွင် သွားလာလှုပ်ရှားနိုင်မည့် စနစ်များကို တည်ဆောက်ရန်မှာမူ ပိုမိုစိန်ခေါ်မှုကြီးမားလှသည်။
တီထွင်ဆန်းသစ်သူများ၏ အယူအဆအရ “Egocentric Data” ဟုခေါ်သည့် ပထမလူအမြင် (မိမိကိုယ်တိုင် မြင်တွေ့ရသည့် ရှုထောင့်) မှ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းများကို အထူးပြု AI မော်ဒယ်များထဲသို့ ထည့်သွင်းပေးခြင်းဖြင့် စက်ရုပ်များအနေဖြင့် လူသားတို့၏ လှုပ်ရှားမှုများကို လိုက်လံအတုယူနိုင်ရန် ကူညီပေးမည် ဖြစ်သည်။
အချို့သော AI သင်တန်းပေးသူများသည် အိမ်တွင် အလုပ်လုပ်ကြပြီး အချို့မှာမူ စက်ရုံများ သို့မဟုတ် အထူးစတူဒီယိုများတွင် ဗီဒီယိုမျက်မှန်များ၊ ခေါင်းတပ်ကင်မရာများနှင့် လှုပ်ရှားမှုအာရုံခံကိရိယာ (Motion sensors) များကို အသုံးပြု၍ လုပ်ကိုင်ကြသည်။
“ကျွန်မ သေသေချာချာ သတ်မှတ်ချက်အတိုင်း မရိုက်ရင် ‘လက်ကို ရှာမတွေ့ပါ’ ဆိုပြီး အသံမြည်လာတတ်တယ်” ဟု Objectways ခေါ် AI အချက်အလက် (Data) ကုမ္ပဏီ၏ အထူးအက်ပလီကေးရှင်းမှတစ်ဆင့် ဗီဒီယိုများ ပေးပို့နေသူ မစ္စ သီရိရာမာစန္ဒရာက ပြောသည်။
အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ရုံးခွဲများရှိသည့် Objectways ကုမ္ပဏီသည် Fortune 500 စာရင်းဝင် နိုင်ငံစုံကုမ္ပဏီကြီးများကို ၎င်းတို့၏ ဖောက်သည်များအဖြစ် စာရင်းပြုစုထားပြီး စက်သင်ယူမှု (Machine learning) မော်ဒယ်များအတွက် ပလတ်ဖောင်းတစ်ခုဖြစ်သည့် Amazon SageMaker နှင့်လည်း ပူးတွဲလုပ်ကိုင်လျက်ရှိသည်။
◾️ လူသားတို့နေရာတွင် စက်ရုပ်များ အစားထိုးလာမည့် အလားအလာ
လူသားပုံတူ စက်ရုပ် (Humanoid robot) ဈေးကွက်သည် အရှိန်အဟုန်ဖြင့် တိုးတက်နေပြီး ၂၀၅၀ ပြည့်နှစ်တွင် စက်မှုနှင့် စီးပွားရေးလုပ်ငန်းများအတွက် အဓိကရည်ရွယ်ကာ စက်ရုပ်ပေါင်း တစ်ဘီလျံကျော် အသုံးပြုလာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုဖြစ်သည့် Morgan Stanley က ခန့်မှန်းထားသည်။
“အဝတ်လျှော်ပြီး ခေါက်တာ၊ ကော်ဖီဖျော်တာ၊ ဟင်းချက်တာ၊ ဆန်းဒဝစ်ချ်လုပ်တာ စသဖြင့်ပေါ့” ဟု Objectways ကုမ္ပဏီ၏ အကြီးအကဲ မစ္စတာ ရာဗီ ရှန်ကာ (Ravi Shankar) က ဖောက်သည်များ တောင်းဆိုလေ့ရှိသည့် ဗီဒီယိုအမျိုးအစားများကို စာရင်းပြခဲ့သည်။ ထို့အပြင် “အချို့အလုပ်တွေကို စက်တွေက လွှဲပြောင်းယူရမှာဖြစ်ပြီး လူသားတွေကတော့ ပိုမိုကောင်းမွန်တဲ့ တခြားအရာတွေကို သွားရောက်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။
အိန္ဒိယနိုင်ငံတွင် Spatial AI (အာကာသ သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ AI) ဟုခေါ်သည့် ပေါ်ထွက်လာဆန်းသစ်သော ကဏ္ဍသည် လောလောဆယ်တွင် အလုပ်အကိုင်သစ်များကို ဖန်တီးပေးလျက်ရှိသည်။ အသက် ၅၀ အရွယ်ရှိ အဆိုပါ Objectways ကုမ္ပဏီအမှုဆောင်အရာရှိချုပ် (CEO) သည် အမေရိကန်တွင် အခြေစိုက်သော်လည်း သူကြီးပြင်းခဲ့သည့် အိန္ဒိယ၏ နိုင်ငံတကာနည်းပညာအချက်အချာနယ်မြေတစ်ခုဖြစ်သော တမီးလ်နာဒူးပြည်နယ်မှ အလုပ်သမားများကို ငှားရမ်းထားခြင်း ဖြစ်သည်။
အလုပ်သမားများက ဦးထုပ်များတွင် တံဆိပ်ကပ်ခြင်း၊ အဝတ်အိတ်များကို မီးပူတိုက်ခြင်းများဖြင့် အလုပ်ရှုပ်နေသည့် ကာရူရ်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် Objectways ကုမ္ပဏီမှ ပံ့ပိုးပေးထားသော ဦးခေါင်းတပ်ဆင်ကင်မရာများနှင့် စမတ်မျက်မှန်များကို ဝတ်ဆင်ထားသူ ရှစ်ဦးကို AFP သတင်းဌာနက တွေ့ရှိခဲ့သည်။
အိန္ဒိယနိုင်ငံသည် AI data များ ဖန်တီးခြင်း၊ ပြုပြင်ခြင်းနှင့် မှတ်ချက်ပြုခြင်း (Annotation) တို့အတွက် ကမ္ဘာလုံးဆိုင်ရာ ကြားခံပွဲစားနိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။
“ဒီလို အချက်အလက် စုဆောင်းတဲ့ ဝန်ဆောင်မှုတွေဟာ ရှေ့ဆက်ပြီး ပိုမိုတိုးပွားလာဖို့ပဲ ရှိပါတယ်” ဟု ဘန်ဂလိုမြို့ရှိ အိန္ဒိယလူနေမှုဘဝအခြေချရေးအဖွဲ့ (Indian Institute for Human Settlements) မှ ဒစ်ဂျစ်တယ်အလုပ်သမားရေးရာကျွမ်းကျင်သူ မစ္စ အဒိသီ ဆူရီ (Aditi Surie) က ပြောကြားခဲ့သည်။
◾️ အခြေခံအလုပ်သမားထုအပေါ် သက်ရောက်လာနိုင်သည့် ခြိမ်းခြောက်မှု
အိန္ဒိယနိုင်ငံသည် ၎င်း၏ AI စက်မှုကဏ္ဍကို အရှိန်အဟုန်ဖြင့် မြှင့်တင်နေသော်လည်း ၎င်းနည်းပညာ၏ ကောင်းကျိုးများနှင့်အတူ အလိုအလျောက်စနစ် (Automation) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကိုလည်း ခေါင်းဆောင်များက သတိပြုမိကြသည်။
အစိုးရ၏ မူဝါဒရေးရာအဖွဲ့ဖြစ်သော NITI Aayog က ဉာဏ်ရည်တုနှင့် အလုပ်သမားရေးရာ ဆွေးနွေးမှုအများစုသည် “ရုံးထိုင်လုပ်ကိုင်ရသည့် ပညာရှင် (White-collar professionals) များအပေါ်၌သာ အဓိကထားပြီး အရေးပေါ်အရေးယူဆောင်ရွက်မှု မရှိပါက ၎င်းကဏ္ဍတွင် အလုပ်အကိုင်များ ဆုံးရှုံးရလုနီးပါးဖြစ်မည်ကို ခန့်မှန်းနေကြခြင်းဖြစ်သည်” ဟု ဆိုသည်။
ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ AI ထိပ်သီးအစည်းအဝေးမတိုင်မီ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုတွင် “ကျွန်ုပ်တို့ စီးပွားရေး၏ ပင်မကျောရိုးဖြစ်သည့် အိန္ဒိယနိုင်ငံရှိ ပုံမှန်မဟုတ်သော အခြေခံအလုပ်သမား သန်း ၄၉၀ ကို AI က မည်သို့အကျိုးပြုနိုင်မည်လဲ ဆိုသည်ကိုမူ ဂရုပြုမိသူ အလွန်နည်းပါးနေသည်” ဟု ဖော်ပြထားသည်။
အဆိုပါ မူဝါဒရေးရာအဖွဲ့သည် ဖိနပ်ပြင်သမားမှသည် မိလ္လာကျင်းရှင်းလင်းသူ၊ လယ်သမားမှသည် လက်ဖက်ရည်ရောင်းသူအထိ အသက်မွေးဝမ်းကျောင်း လုပ်ငန်းထောင်သောင်းများစွာအပေါ် ယခုနည်းပညာက မည်သို့ အထောက်အကူပြုနိုင်မည် သို့မဟုတ် ထိခိုက်စေနိုင်သည်ကို လေ့လာဆန်းစစ်ခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကတည်းက အသက် ၅၅ နှစ်အရွယ်ရှိ မစ္စ ပွန်နီ (Ponni) သည် အိန္ဒိယ၏ စီလီကွန်တောင်ကြား (Silicon Valley) ဟု လူသိများသော ဘန်ဂလိုမြို့ရှိ လမ်းဘေးတစ်နေရာတွင် ထိုင်ကာ ပန်းကုံးများ သီကုံးရောင်းချခဲ့သည်။ သူမသည်လည်း ယခုအချိန်တွင်မူ ဖုန်းတစ်လုံးကို ခေါင်းစည်းဖြင့် စည်းနှောင်ထားပြီး ဉာဏ်ရည်တုစပ်ရုပ်များ ပေါ်ထွန်းစေးရေး အလုပ်လုပ်ပေးရန်အတွက် ငွေကြေးဖြင့် ခိုင်းစေခြင်းကို ခံခဲ့ရသည်။
“ကျွန်မတို့လို အလုပ်မျိုးတွေ ဆက်လုပ်ရမယ့် နောက်မျိုးဆက်တွေ… သူတို့တွေ အခက်အနေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” ဟု မစ္စ ပွန်နီက ပြောသည်။
◾️ စတူဒီယိုအတွင်းက ကင်မရာအောက် နာရီပေါင်းရာထောင်ချီ ဖြတ်သန်းရသူများ
Objectways ကုမ္ပဏီ၏ စတူဒီယိုတစ်ခုတွင် AI စနစ်သင်တန်းပေးသူများသည် တိုက်ခန်းတုများအတွင်း အိမ်မှုကိစ္စများ လုပ်ဆောင်နေပုံကို ဗီဒီယိုရိုက်ကူးကြသည်။ ဗီဒီယို နာရီပေါင်းထောင်ချီ ရိုက်ကူးပြီးနောက်တွင် ဖောက်သည်များအတွက် ပတ်ဝန်းကျင်ပုံစံ ဆန်းသစ်မှုရှိစေရန် နံရံကပ်ပိုစတာ (Wallpaper) များကို ပြောင်းလဲပေးကြသည်။
“ဒီနေ့ ကျွန်မ ဒီနေရာမှာ ထိုင်ပြီးရိုက်တယ်၊ မနက်ဖြန်ကျရင် ဟိုဘက်မှာ ရပ်ပြီးရိုက်ရတယ်” ဟု အင်ဂျင်နီယာဘွဲ့ရ အသက် ၂၁ နှစ်အရွယ် မစ္စ ရာနီ အန် (Rani N) က တူရူပုဝါ (မျက်နှာသုတ်ပုဝါ) ခေါက်နေသည့် ဗီဒီယိုကို အကြိမ်ကြိမ်ရိုက်ကူးခြင်းမှ ခေတ္တအနားယူစဉ် ပြောကြားခဲ့သည်။
ဗီဒီယိုတစ်ခုစီသည် လေးမိနစ်ခန့် ကြာမြင့်ပြီး သူမသည် ကုတင်ပေါ်ရှိ ဖြစ်နိုင်သမျှ နေရာစုံနီးပါးတွင် တစ်နေ့လျှင် ဗီဒီယိုအပုဒ်ရေ ၉၀ ခန့် ရိုက်ကူးရသည်။ သူမက ဤအလုပ်သည် “သည်းခံပြီး လုပ်ကိုင်နိုင်လောက်သည်” ဟု ဆိုသော်လည်း မိမိကိုယ်ကိုယ် ကင်မရာတစ်လုံးကို အမြဲတမ်း ဝတ်ဆင်ထားရသကဲ့သို့ ခံစားရကြောင်း ပြောသည်။
အခြားအခန်းများတွင်မူ လုပ်ဖော်ကိုင်ဖက်များက ခဲတံချွန်စက်များ၊ ရေသန့်ဗူးများနှင့် ရောင်စုံခဲတံများကို ပုံစံအမျိုးမျိုး စီစဉ်ထားပြီး အကွာအဝေးပြ အာရုံခံကင်မရာ (Depth-sensor cameras) များဖြင့် မှတ်တမ်းတင်နေကြသည်။
အန်ဒရာပရာဒေရှ်ပြည်နယ်ရှိ Qanat Consulting Services ကုမ္ပဏီသည် Objectways ၏ အခွဲကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းတို့က ပိုမိုကြီးမားသော Data ကုမ္ပဏီကြီး တစ်ဒါဇင်ခန့်ထံသို့ ဗီဒီယိုမှတ်တမ်းများ ပေးပို့လျက်ရှိသည်။ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ သာစလင် ပတ္တန် (Thaslim Pattan) ၏ ပြောကြားချက်အရ ၎င်းတို့ထံတွင် ဗီဒီယိုပံ့ပိုးပေးသူ ၂,၀၀၀ ခန့်ရှိပြီး အချို့မှာ လက်ကောက်ဝတ်၊ လက်နှင့် ခြေထောက်များတွင်ပါ လှုပ်ရှားမှုအာရုံခံကိရိယာများ ပတ်ထားကာ အလုပ်လုပ်ကြရသည်ဟု ဆိုသည်။
Objectways နှင့် မသက်ဆိုင်သည့် အခြားသော ဘန်ဂလိုအခြေစိုက် Humyn Labs ကုမ္ပဏီမှ မစ္စတာ မနီးရှ် အဂါဝါ (Manish Agarwal) ကမူ ဗီဒီယိုများသာမက စကားပြောသံများကိုပါ မှတ်တမ်းတင်လျက်ရှိသည်။ ဗီဒီယိုပံ့ပိုးသူများသည် နိုင်ငံရေးမှသည် ဖျော်ဖြေရေးအထိ သတ်မှတ်ထားသော အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးကြရပြီး ၎င်းမှာ ဖောက်သည်များအတွက် လူသားတို့၏ စကားပြောဆိုမှုပုံစံ (Speech Patterns) များကို လေ့လာနိုင်ရန် ဖြစ်သည်။
မစ္စတာ အဂါဝါက စက်ရုပ်များသည် လူသားတို့၏ အလုပ်အကိုင်များကို လုယူသွားလိမ့်မည် မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး နောင်တစ်ချိန်တွင် လူသားများနှင့် စက်ရုပ်များ၏ ကွန်ရက်သည် “အတူတကွ လက်တွဲ လုပ်ဆောင်ကြလိမ့်မည်” ဟု ယုံကြည်နေသည်။
၎င်းက “အိန္ဒိယက ဂဟေဆော်သမားတစ်ယောက်ဟာ ချက်နိုင်ငံ၊ ပရဂ်မြို့ (Prague) မှာရှိတဲ့ ဂဟေဆော်စက်ရုပ်ကို လှမ်းပြီး ထိန်းချုပ်မောင်းနှင်နေနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
Ref : AFP Via Bangkok Post
