သက်တံ့
၁၁. ၆. ၂၀၂၆
TV 360 by Mytel က မြန်မာနိုင်ငံအတွင်း ပြသခွင့်အတွက် တစ်ဦးတည်းမူပိုင် ရယူထားသည့် ယခု ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပွဲစဥ်အားလုံး ပြသခွင့်ကို Canal Plus ၏ ဖန်သားပြင်တွင်ပါ ကြည့်ရှုခွင့်ရမည်ဖြစ်သော်လည်း Canal + App မှ ကြည့်ရှုခွင့်ရမည်မဟုတ်ကြောင်း Canal + Myanmat FG က ယနေ့ အသိပေးထားသည်။
၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ် ၁၀၄ ပွဲလုံးကို မြန်မာနိုင်ငံ၏ တစ်ခုတည်းသော မူပိုင် သီးသန့် တိုက်ရိုက်ထုတ်လွှင့်ခွင့်ရထားသည့် TV360 (Exclusive Official Broadcaster) က ဇွန်လ ၈ ရက်တွင် မိတ်ဆက်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားကို အချိန်နေရာမရွေးကြည့်ရှုခံစားနိုင်ရန် TV360 by Mytel Application အား ဒေါင်းလုဒ်ဆွဲယူ ကြည့်ရှုရမည်ဖြစ်ပြီး နေ့စဥ်၊ အပတ်စဥ်နှင့် ပွဲစဥ်အားလုံးအတွက် သတ်မှတ်အခကြေးငွေ ပေးသွင်းကြည့်ရှုရမည်ဟု ကြေညာခဲ့ပြီးနောက် Canal + ကပါ ရုပ်သံထုတ်လွှင့်မည်ဟု ယနေ့ ကြေညာလာခဲ့ခြင်းဖြစ်သည်။
“Mytel (TV 360 by Mytel) ကနေ Canal + က TV က လွှင့်ခွင့် (TV Right) အတွက် ပြန်ဝယ်ပြီး လွှင့်ရတဲ့ သဘောမျိုးပေါ့။ App က ကြည့်ချင်သူတွေကတော့ TV 360 by Mytel App ကပဲ ဝယ်ကြည့်လို့ရပြီး Canal + App က ကြည့်လို့ရမှာမဟုတ်ဘူးပေါ့”ဟု ရုပ်သံလိုင်းနှင့် ဆက်စပ်သူတစ်ဦးက ဖြစ်နိုင်သည့် တစ်ဆင့်ပြန်လည်ဝယ်ယူမှုအခြေအနေကို သုံးသပ်သည်။
“ကမ္ဘာ့အဆင့်အတန်းအမြင့်ဆုံး သမိုင်းဝင်ပွဲစဉ်တွေကို အိမ်ကတီဗီရှေ့မှာ ကြည့်ရှုချင်တဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုအတိုင်း ကမ္ဘာ့ဖလားပွဲစဥ်တွေကို CANAL+ DTT/DTH စက်ကတစ်ဆင့် “သုခုမ ကမ္ဘာ့ဖလား” ချန်နယ်ကနေ ပြသပေးသွားတော့မှာပါ..။ ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ ကမ္ဘာ့ဖလားပွဲစဉ်အားလုံးကို CANAL+ App မှာ ပြသမှာ မဟုတ်ဘဲ CANAL+ DTT/ DTH စက်များဖြင့်သာ ကြည့်ရှုခွင့်ရမှာပဲ ဖြစ်ပါတယ်”CANAL + က ယနေ့ ကြေညာသည်။
အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့တွင် ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးသည် မြန်မာစံတော်ချိန် ယနေ့ည ၁ နာရီခွဲအချိန်တွင် မက္ကဆီကိုနိုင်ငံ၌ ပထမဆုံးဖွင့်ပွဲအဖြစ် စတင်ကြည့်ရှု ခံစားရမည်ဖြစ်သည်။


