၁၁.၆.၂၀၂၆
Translated by Htwe Ko Tun
ပါကစ္စတန်အစိုးရမှ အုပ်ချုပ်သော ကက်ရှ်မီးယားဒေသအတွင်း ထောင်ပေါင်းများစွာသော ချီတက်ဆန္ဒပြမှုများ၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခများဖြစ်ပွားခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦးအပါအဝင် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဇွန်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
တက်ကြွလှုပ်ရှားသူများ စုပေါင်းဖွဲ့စည်းထားသော ပူးတွဲအာဝါမီလှုပ်ရှားမှုကော်မတီ (JAAC) သည် လာမည့်ရွေးကောက်ပွဲတွင် ဒုက္ခသည်များအတွက် နေရာ ၁၂ နေရာ သီးသန့်ထားရှိမှုကို ဆန့်ကျင်ဆန္ဒပြရန် ဇွန်လ ၉ ရက်က ဒေသဆိုင်ရာမြို့တော် မူဇဖ်ဖာရာဘတ်သို့ ချီတက်ရန် လူများကို တိုက်တွန်းခဲ့သည်။
အာဏာပိုင်များက အဆိုပါအဖွဲ့ကို ပုန်ကန်မှုဖြင့် စွပ်စွဲခြင်း၊ ပိတ်ပင်ခြင်းနှင့် ၎င်း၏ခေါင်းဆောင်များကို အရေးယူရန် အမိန့်ပေးခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
အာဏာပိုင်များက ဖက်ဒရယ်ပြည်သူ့စစ်တပ်ဖွဲ့များကို ချထားခဲ့ပြီး ဆန္ဒပြပွဲမတိုင်မီ တင်းကျပ်သော ခရီးသွားလာရေးသတိပေးချက် ထုတ်ပြန်ခဲ့ကာ ကန့်သတ်ချက်များကြောင့် ဒေသ၏ နေရာအများအပြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့ ဆန္ဒပြသူများ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။
ဒေသခံအရာရှိများ၏ တရားဝင်ခန့်မှန်းချက်အရ ဆန္ဒပြသူ ၁၀,၀၀၀ ကျော်ပါဝင်သော ကြီးမားသောယာဉ်တန်းသည် ရာဝါလ်ကော့မြို့အပြင်ဘက် လေးကီလိုမီတာ (၂ ဒသမ ၄ မိုင်) အကွာတွင် စုရုံးနေကြသည်ဟု ဆိုသည်။ ဆန္ဒပြသူများ၏ ယာဉ်တန်းကို ရာဝါလ်ကော့မြို့မှတစ်ဆင့် မူဇဖ်ဖာရာဘတ်မြို့သို့ လုံခြုံရေးတပ်ဖွဲ့များက ဖြတ်သန်းချီတက်ခွင့်မပြုခဲ့ဟုသိရသည်။
ရာဝါလ်ကော့မြို့တွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များ ပဋိပက္ခဖြစ်ပွားသောအခါ အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်။ ပဋိပက္ခများတွင် အနည်းဆုံးလူ ၅၀ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ အရေအတွက်မှာလည်း ပို၍ မြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။
မူဇဖ်ဖာရာဘတ်မြို့တွင်လည်း ချီတက်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး JAAC ကလည်း အထွေထွေသပိတ်မှောက်ရန် တောင်းဆိုခဲ့သည်။ မြို့တစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်မှု ဖုံးလွှမ်းနေပြီး လမ်းများ လူသူကင်းမဲ့ကာ စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်း၍ ရဲများ ကင်းလှည့်နေကြသည်။
ဤစီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းခံရခြင်းမှာ ဘေးကင်းရေးအတွက် စိုးရိမ်မှုများကြောင့်လား သို့မဟုတ် JAAC နှင့် စည်းလုံးညီညွတ်စွာ သပိတ်မှောက်နေခြင်းလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ဇူလိုင်လတွင် ကျင်းပမည့် ဒေသဆိုင်ရာ ဥပဒေပြု လွှတ်တော်ရွေးကောက်ပွဲတွင် ထိုပြည်နယ်အတွင်း မနေထိုင်သော ဒုက္ခသည်များအတွက် အမတ်နေရာ ၁၂ နေရာ ကြိုတင်စာရင်းသွင်းခြင်းသည် ဒေသတွင်း အငြင်းပွားဖွယ်ရာ ပြဿနာတစ်ရပ် ဖြစ်ခဲ့ရသည်။ ၎င်းသည် ပါကစ္စတန်အုပ်ချုပ်သော ကက်ရှ်မီးယားဒေသအတွင်း နေထိုင်သူများကို အမတ်နေရာများအတွက် ယှဉ်ပြိုင်ခြင်းမှ ထိရောက်စွာ တားမြစ်ထားသည်။
JAAC က လွှတ်တော်တွင် အမတ်နေရာအားလုံးကို ဒေသတွင်းတွင် အမှန်တကယ်နေထိုင်သူများထံသာ ပေးအပ်ရမည်ဟု ငြင်းခုံကာ ကြိုတင်စာရင်းသွင်းထားသော နေရာများကို ဖျက်သိမ်းရန် တောင်းဆိုခဲ့သည်။
သို့သော် အာဏာပိုင်များက ဇွန်လ ၅ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အဆိုပါအဖွဲ့ကို ပိတ်ပင်ခဲ့ပြီး အဆိုပါအဖွဲ့သည် “အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်ပြီး နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေသော နည်းလမ်းဖြင့် ပြုမူခဲ့သည်” ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
Ref- Saudi Gazette
