နေမိုး
၁၁. ၆. ၂၀၂၆
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်း အခြေပြုကာ အကြမ်းဖက်မှုပြုလုပ်နေသည့် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တောင်ပိုင်းတိုင်းစစ်ဌာန၊ ပဲခူးအနောက်ရိုးမဗျူဟာ (၂၂) ၏ ဗျူဟာမှူး စောဂျိမ်းမှာ တပ်မတော်က အကြမ်းဖက်လက်နက်ကိုင်များကို လေကြောင်းချေမှုန်းမှုအတွင်း လေယာဥ်ဗုံးစ ထိမှန်သေဆုံးသွားသည်မှာ မှန်ကန် သည်ဟု သိရသည်။
မေလကုန်ပိုင်းနှင့် ဇွန်လဆန်းပိုင်းအတွင်း တပ်မတော်စစ်ကြောင်းများက ပဲခူးတိုင်းအတွင်း ထကြွနေသော PDF များကို အုတ်ဖိုမြို့မှ စတင်ကာ ချေမှုန်းမှုပြုစဥ် ပဲခူး PDF များက သာလွန်အင်အားဖြင့် ခုခံတိုက်ခိုက်၍ လေကြောင်းချေမှုန်းမှုပြုရာမှာ ဗျူဟာမှူး စောဂျိမ်းမှာ ဗုံးစထိမှသော်လည်း ချက်ချင်းမသေခဲ့ဘဲ ရက်ပေါင်းများစွာကြာမှသာ သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
လေယာဥ်ဗုံးမှန်သည့် စောဂျိမ်းမှာ မေလ ၂၇ ရက်က လေကြောင်း ချေမှုန်းမှုအတွင်း ဗုံးစထိမှန်ဒဏ်ရာရသဖြင့် နှစ်ပတ်ကြာ ဆေးကုသမှုခံယူနေရင်း ဇွန် ၉ ရက်နံနက်တွင် သေဆုံးသွားခြင်းဖြစ်ပြီး ဇွန် ၁၀ ရက်တွင် အလောင်းကို သင်္ဂြိုဟ်လိုက်သည်ဟု NUG နှင့် PDF များ ထောက်ခံသည့် မြေလတ်အသံသတင်းဌာနကလည်း ယနေ့နံနက်တွင် သာယာဝတီခရိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောဆိုမှုဖြင့် စောဂျိမ်းသေဆုံးမှုကို အတည်ပြုထားသည်။
စောဂျိမ်းသေဆုံးမှုမှန်ကန်သော်လည်း NUG၊ ပဲခူးတိုင်းစစ်ဌာနနှင့် ပဲခူးအနောက်ရိုးမဗျူဟာ (၂၂) တို့က PDF များ စိတ်ဓာတ်ကျမည်စိုးသဖြင့် သေဆုံးသတင်းကို ဖုံးဖိထားပြီး တိုးတိုးတိတ်တိတ်သာ သင်္ဂြိုဟ်မှု ပြုလုပ်ကာ ယနေ့အချိန်အထိ သတင်းထုတ်ပြန်လာမှု မရှိချေ။


