သက်တံ့
၁၁. ၆. ၂၀၂၆
အသက် ၁၇ နှစ်အရွယ် ထိုင်းမိန်းကလေးငယ်တစ်ဦးသည် သူမ၏ မိခင်အပါအဝင် မိသားစုဝင်များ၏ အဓမ္မစေခိုင်းမှုကြောင့် နိုင်ဂျီးရီးယားနိုင်ငံတွင် နှစ်လကြာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခဲ့ရပြီးနောက် ၎င်းအား ပြန်လည်ကယ်တင်နိုင်ခဲ့ပြီ ဖြစ်သည်။
“ဆုမ်စကွန်း” ဟုသာ အမည်လွှဲဖြင့် သိရှိရသည့် အဆိုပါ ဆယ်ကျော်သက် မိန်းကလေးသည် နိုင်ဂျီးရီးယားနိုင်ငံရှိ ထိုင်းသံရုံး၏ ကူညီပံ့ပိုးမှုဖြင့် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၀ ရက်) နံနက်ပိုင်းက သုဝဏ္ဏဘူမိလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို့နောက် သူမအား “ပင်နိုင်ဖောင်ဒေးရှင်း” (Pen Nueng Foundation) နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနတို့က ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုရှိ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ထံသို့ သွားရောက်ကာ အမှုဖွင့်တိုင်ကြားနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဖောင်ဒေးရှင်းတည်ထောင်သူ မစ္စ ချလစ်ဒါ ဖာလာမတ် (Chalida Phalamart) ၏ ပြောကြားချက်အရ လွန်ခဲ့သော နှစ်လခန့်က မိန်းကလေးဖြစ်သူအား သူမ၏ မိခင်၊ အဖွားနှင့် အရီး (ဒေါ်လေး) များက အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် နိုင်ဂျီးရီးယားတွင် လိင်ပိုင်းဆိုင်ရာ အလုပ်သမားအဖြစ် လုပ်ကိုင်ရန် အဓမ္မစေခိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မိန်းကလေးသည် ငြင်းဆန်ကာ သူမ၏ ချစ်သူအိမ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း မိသားစုဝင်များက လိုက်လံရှာဖွေကာ ရိုက်နှက်နှိပ်စက်ပြီး နိုင်ဂျီးရီးယားသို့ သွားမည့် လေယာဉ်ပေါ်သို့ အတင်းအကြပ် တင်ပေးလိုက်ခြင်းဖြစ်ကြောင်း ကာယကံရှင် မိန်းကလေးက ထွက်ဆိုထားသည်။ မိသားစုဝင်များသည် အကြွေးဆပ်ရန် ငွေကြေးအခက်အခဲရှိနေခြင်းကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆရသည်။
သူမသည် နိုင်ဂျီးရီးယားနိုင်ငံတွင် ရှိနေစဉ် အဆိုပါ အခက်အခဲအကျပ်အတည်းများကြားမှပင် သူမချစ်သူ၏ မိသားစုထံသို့ လျှို့ဝှက်ဆက်သွယ်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ထိုင်းသံရုံးသို့ ဆက်သွယ်နိုင်ခဲ့ပြီးနောက် သံရုံးတာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကာ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန၏ အဆိုအရ မိသားစုကြောင့်နစ်နာရရှာသည့် မိန်းကလေးငယ်သည် ယခုဖြစ်ရပ်ကို တစ်စုံတစ်ရာ မသိရှိသေးဘဲ သူမအား ဘေးကင်းအောင် စောင့်ရှောက်ပေးနိုင်မည်ဟု ယုံကြည်ရသည့် သူမ၏ အစ်ကိုဖြစ်သူနှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။
သူမ၏ အစ်ကိုသည် ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သားတစ်ဦးဖြစ်ပြီး ဖောင်ဒေးရှင်းအနေဖြင့် ၎င်းနှင့် ဆက်သွယ်မိစေရန် စီစဉ်ပေးထားကြောင်း မစ္စ ချလစ်ဒါက ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အဒူ ဘွန်သမ်ဂျာရွန် (Lt Gen Adul Boonthumjaroen) သည်လည်း ယခုအမှုကို သိရှိရပြီးနောက် အဆိုပါ စစ်သားဖြစ်သူကို ဘန်ကောက်မြို့ရှိ နစ်နာသူညီမငယ်နှင့် လာရောက်တွေ့ဆုံနိုင်ရန်အတွက် လိုအပ်သည့် သွားလာရေးကိစ္စရပ်များကို ကူညီညှိနှိုင်းပေးခဲ့သည်။
လက်ရှိတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ (ATPD) မှ အဆိုပါ အမှုကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref : Bangkok Post
