သက်တံ့
၂၆. ၁၂. ၂၀၂၅
ထိုင်းနိုင်ငံ၊ ချမ်ဖွန်ခရိုင်တွင် ရင်သွေးငယ်ကို ဘေး၌ထိုင်ခိုင်းထားပြီး နောက်အိမ်ထောင်၊ အိမ်ထောင်ဟောင်းတို့နှင့်အတူ စိတ်ကြွဆေးပြား သုံးစွဲနေသည့် အမျိုးသမီးတစ်ဦးအပါအဝင် ငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
အဆိုပါဖြစ်ရပ်သည် တာဆေးခရိုင်အတွင်းရှိ ဟောင်ချာရွန်ကျေးရွာအုပ်စုရှိ ရာဘာတောအတွင်းမှ အိမ်တစ်အိမ်တွင် ဒီဇင်ဘာ ၂၄ ရက်ညက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေသခံတစ်ဦး၏ သတင်းပေးချက်အရ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ အသက် (၅) နှစ်အရွယ် ကလေးငယ်တစ်ဦး ဘေးတွင်ငြိမ်သက်စွာ ထိုင်နေစဉ် လူကြီး ငါးဦးမှာ ဝိုင်းဖွဲ့၍ မူးယစ်ဆေးသုံးစွဲနေသည်ကို တွေ့ရှိခဲ့ရသည်။
အသက် ၃၀ အရွယ်ရှိ ထိုမိခင်က သူမအနေဖြင့် “ဒိန်း” ဟု သိရသည့် မူးယစ်ဆေးကုန်သည်ထံမှ စိတ်ကြွဆေးပြားများကို တစ်ကြိမ်လျှင် အလုံး ၂၀၀၀ ခန့်အထိ မှာယူလေ့ရှိပြီး ကိုယ်တိုင်သုံးစွဲရန်နှင့် ပြန်လည်ရောင်းချရန် ခွဲဝေထားကြောင်း ဝန်ခံခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူမ ကိုယ်ဝန်ရှိစဉ်အတွင်း အသက် ၂၀ အရွယ် ခင်ပွန်းဟောင်းက စွန့်ပစ်သွားခဲ့ပြီးနောက်ပိုင်း ဝမ်းရေးနှင့် သားဖြစ်သူကို ထောက်ပံ့ရန်အတွက် မူးယစ်ဆေးရောင်းသည့်လောကထဲသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ထွက်ဆိုခဲ့သည်။
သားဖြစ်သူ အသက် (၅) နှစ်အရွယ်ရောက်သောအခါ သူမသည် အသက် (၂၅) နှစ်အရွယ်ရှိ ခင်ပွန်းသစ်နှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ကလေးကိုမူ အသက် (၁၅) နှစ်အရွယ်ရှိ တူမဖြစ်သူထံတွင် အပ်နှံထားခဲ့သည်။ တူမဖြစ်သူကို ကလေးထိန်းခအဖြစ် တစ်ခါလာလျှင် ဘတ် ၂၀၀ နှင့် စိတ်ကြွဆေး ၂ ပြား၊ ၃ ပြားခန့် ပေးလေ့ရှိကြောင်း သိရသည်။ သူမနှင့် ခင်ပွန်းအသစ်တို့ လာရောက်လည်ပတ်သည့် အချိန်တိုင်းတွင် တူမ၊ တူမ၏ရည်းစား၊ သူမ၏ ခင်ပွန်းဟောင်းတို့နှင့်အတူ စုဖွဲ့၍ မူးယစ်ဆေးသုံးစွဲခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါမိခင်၏ ထွက်ဆိုချက်အရ ဒေသတွင်း မူးယစ်ဆေးကွန်ရက်တွင် ပါဝင်သူများကို ဒီဇင်ဘာ ၂၅ ရက်တွင် ဆက်လက်ဖော်ထုတ်နိုင်ခဲ့သဖြင့် နောက်ထပ် သံသယရှိသူ ၃ ဦးကို စိတ်ကြွဆေး ၁၂၃ ပြားနှင့်အတူ ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း CH7 သတင်းတွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသူ လူကြီးအားလုံးကို မူးယစ်ဆေးသုံးစွဲမှု၊ လက်ဝယ်ထားရှိမှုတို့ဖြင့် အမှုဖွင့်ထားပြီး အသက်မပြည့်သေးသည့် တူမဖြစ်သူကိုမူ အုပ်ထိန်းသူထံ ပြန်လည်အပ်နှံကာ မူးယစ်ဆေးဖြတ်သည့် အစီအစဉ်သို့ ပို့ဆောင်သွားမည်ဖြစ်သည်။
အာဏာပိုင်များက ၅ နှစ်အရွယ် ကလေးငယ်ကို အစိုးရကလေးစောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင်ရန် ကြိုးပမ်းရာတွင် မိခင်ဖြစ်သူက ငြင်းဆန်ခဲ့ပြီး ကလေးကို ထောင်ထဲသို့ပါ ခေါ်သွားလိုကြောင်း ဇွတ်အတင်းတောင်းဆိုခဲ့သည်ဟု ဒီဇင်ဘာ ၂၆ ရက် သတင်းများက ဖော်ပြသည်။ သို့သော် တာဝန်ရှိသူများက ထိုတောင်းဆိုချက်ကို ပယ်ချခဲ့ပြီး ကလေးကို ဆွေမျိုးအရင်းအချာဖြစ်သူ အဘိုးဖြစ်သူထံသို့ အပ်နှံခဲ့ကာ လူမှုဝန်ထမ်းများက ကလေး၏အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref : The Thaiger
