၂၆.၁၂.၂၀၂၅
Written By Thandar
ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်း၊ လူမှုကူညီရေးအဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် သက်ကြီးသတင်းစာပညာရှင်များကို ပူဇော်ပွဲကန်တော့ပွဲ အခမ်းအနားကို ဒီနေ့ ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကြီးငါးကြီးဆုတောင်းပြည့်ဘုရားမှာ ကျင်းပခဲ့ပါတယ်။
“သက်ကြီး သတင်းစာပညာရှင်ကြီးတွေအနေနဲ့လည်း မိမိတို့ရဲ့ သတင်းလောက အတွေ့အကြုံတွေ ဆည်းပူးခဲ့တဲ့ သတင်းစာပညာရပ်တွေကို ထပ်ဆင့်ကမ်းအမွေပေးခဲ့ဖို့ မေတ္တာရပ်ခံလိုပါတယ်။ ပညာရှင် ဆရာကြီး/ဆရာမကြီးတွေ အားလုံးကျန်းမာအသက်ရှည်ပြီး နောက်လာမယ့် သတင်းစာဆရာ မျိုးဆက်သစ်များကို လက်ဆင့်ကမ်း ပညာဖြန့်ဝေပေးနိုင်ပါစေချင်ပါတယ်။ နိုင်ငံ့အကျိုးပြုစာပေတွေကို အသက်ထက်ဆုံး ရေးသားနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်က ပြောဆိုခဲ့ပါတယ်။
အဆိုပါ အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားကာ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးမြတ်ခိုင်နဲ့ ဆရာကြီး ဦးသက်တင်က ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
ယခု ဒုတိယအကြိမ်ကျင်းပတဲ့ ကန်တော့ခံ သတင်းစာပညာရှင်ကြီး ၆၅ ဦးက မြို့နယ်(၂ဝ)က ၇၅ နှစ် အထက်ရှိသူတွေဖြစ်ပြီးတော့ တစ်ဦးကို ကျပ်တစ်သိန်းခွဲစီနဲ့ ပူဇော်ကန်တော့ခဲ့ကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သတင်းစာ ဆရာအသင်းအနေနဲ့ ၂ဝ၂ဝ ခုနှစ်မှာ သက်ကြီးသတင်းစာပညာရှင်တွေကို ပထမအကြိမ် ပူဇော်ကန်တော့ခဲ့ပြီး မြို့နယ်(၁၈)မြို့နယ်က ဆရာကြီး/ဆရာမကြီး ၆၂ ဦးကို ပူဇော်ကန်တော့နိုင်ခဲ့တယ်လို့သိရပါတယ်။
#ဒုတိယအကြိမ်မြောက်သက်ကြီးသတင်းစာပညာရှင်များ #သက်ကြီးသတင်းစာဆရာ
#ရန်ကုန်တိုင်းဒေသကြီးစာဆရာအသင်းလူမှုကူညီရေးအဖွဲ့











