၂၆.၁၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရက်ပေါင်းများစွာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ရပြီးနောက် ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့မှာတော့ ပြည်နယ်အတွင်း နောက်ထပ် အားကောင်းသောမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ကြာသပတေးနေ့မှာ ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းကြောင့် အာဏာပိုင်တွေက ပြည်နယ်အတွင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် သတိပေးချက်တွေနဲ့လှိုင်းကြီးရေလျှံမှု သတိပေးချက်တွေပါ ထုတ်ပြန်ခဲ့ရပါတယ်။
မြေပြိုမှုတစ်ခုအတွင်း ကားတွေထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ပြီး တစ်ရက်အကြာမှာ လော့စ်အိန်ဂျလိစ်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၈၀ (၁၃၀ ကီလိုမီတာ) အကွာရှိ တောင်ပေါ်မြို့ Wrightwood နေပြည်သူတွေအတွက် ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ဟာဝိုင်အီမှ အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းကို အစိုဓာတ်များစွာ ရွေ့လျားစေတဲ့ “Pineapple Express”လို့ လူသိများပြီး လေထုအတွင်းက မြစ်တစ်စင်းလို့တောင်ပြောကြတဲ့ မုန်တိုင်းက ကယ်လီဖိုးနီးယားအတွင်း ပုံမှန်အားဖြင့်လနဲ့ချီလို့ ရွာသွန်းရမယ့်မိုးကို ရက်ပိုင်းအတွင်း ရွာသွန်းစေခဲ့တယ်လို့ မျှော်လင့်ရပါတယ်။
PowerOutage.us အဆိုအရ မုန်တိုင်းနဲ့ နောက်ဆက်တွဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒီဇင်ဘာလ ၂၅ ရက် မွန်းလွဲပိုင်းမှာ လူပေါင်း ၇၀,၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်ကလည်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် အနည်းဆုံး လူနှစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်က ပြည်နယ်တောင်ပိုင်းဒေသအချို့မှာ မိုးရွာသွန်းမှုခေတ္တရပ်တန့်သွားပေမယ့် မိုးရွာသွန်းမှုက ဒီဇင်ဘာလ ၂၆ ရက်အထိ ဆက်လက်ဖြစ်ပေါ်နေမယ်လို့ ရာသီဥတုခန့်မှန်းချက်တွေက ဆိုပါတယ်။ တချို့နေရာတွေမှာ တစ်နာရီ ၅၅ မိုင် (တစ်နာရီလျှင် ၈၈ ဒသမ ၅ ကီလိုမီတာ) အထိ လေပြင်းတိုက်ခတ်နိုင်တယ်လို့ သတိပေးထားတာ တွေ့ရပါတယ်။
ပြည်နယ်အာဏာပိုင်တွေကတော့ လော့စ်အိန်ဂျလိစ်ခရိုင်အပါအဝင် ခရိုင်အတော်များများမှာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
Ref : DW News


