၂၆.၁၂.၂၀၂၅
Translated by Htwe Ko Tun
နိုင်ဂျီးရီးယားနိုင်ငံမှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေအပေါ် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ အမေရိကန်က စစ်ရေးအရ အရေးယူနိုင်တယ်လို့ လပေါင်းများစွာ သတိပေးပြီးနောက်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ဒီဇင်ဘာလ ၂၅ ခရစ္စမတ်နေ့မှာ နိုင်ငံအနောက်မြောက်ပိုင်း၊ ဆိုဘိုတိုပြည်နယ်အတွင်းရှိ အိုင်အက်စ် အကြမ်းဖက်သမားတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်ခိုက်မှုကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ အတည်ပြုခဲ့ပြီး သမ္မတအကြံပေးတစ်ဦးက အမေရိကန်နဲ့ နိုင်ဂျီးရီးယားတို့ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ တူညီသော သဘောထားရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ခရစ်ယာန်တွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ နိုင်ဂျီးရီးယားကို အကူအညီတွေ ရပ်ဆိုင်းမယ်လို့ ထရမ့်ပ်က ခြိမ်းခြောက်ပြီးနောက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာတာပါ။ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်နေဆဲဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့အခြေအနေက အလွန်သိမ်မွေ့တယ်လို့ ကျွမ်းကျင်သူတွေနဲ့ လေ့လာသုံးသပ်သူတွေက CNN သတင်းဌာနကို ပြောခဲ့ကြပါတယ်။
လူဦးရေသန်း ၂၃၀ ကျော်ရှိတဲ့ နိုင်ဂျီးရီးယားနိုင်ငံမှာ အဓိကဘာသာရေးအဖွဲ့နှစ်ခုဖြစ်တဲ့ ခရစ်ယာန်တွေနဲ့ မွတ်စလင်တွေဟာ အစွန်းရောက်အစ္စလာမ္မစ် တိုက်ခိုက်မှုတွေရဲ့ သားကောင်တွေဖြစ်ခဲ့ရတယ်လို့ သူတို့က ပြောကြားခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံအဖို့ ဘာသာရေးအရလှုံ့ဆော်တိုက်ခိုက်မှုတွေ အပါအဝင် အကြောင်းအမျိုးမျိုးကို အခြေခံလို့ နိုင်ငံတွင်းအမြစ်စွဲနေတဲ့ လုံခြုံရေးပြဿနာတွေနဲ့ နပန်းလုံးနေခဲ့ရတာ နှစ်အတော်ကြာခဲ့ပါပြီ။ နိုင်ငံအတွင်း တောင်ပိုင်းမှာ အဓိကနေထိုင်တဲ့ မွတ်စလင်ဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်တွေနဲ့ မြောက်ပိုင်းမှာ အဓိကနေထိုင်တဲ့ မွတ်စလင်ဘာသာဝင်တွေက အရေအတွက် တူညီစွာ ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ဟာ အမေရိကန်ရဲ့ နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်အက်ဥပဒေအရ နိုင်ဂျီးရီးယားကို အထူးစိုးရိမ်ဖွယ်နိုင်ငံအဖြစ် နိုဝင်ဘာလမှာ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ဂျီးရီးယားအစိုးရဟာ ခရစ်ယာန်တွေကို အကြမ်းဖက်မှုမှ ကာကွယ်ရန် လုံလောက်စွာ မလုပ်ဆောင်ခဲ့ဘူးလို့ ပြောဆိုချက်တွေကို ပယ်ချခဲ့ပါတယ်။ ထိုအချိန်က နိုင်ဂျီးရီးယားသမ္မတ ဘိုလာတီနူဘူက “နိုင်ဂျီးရီးယားကို ဘာသာရေးအရ သည်းမခံသူအဖြစ် ပုံဖော်တာက ကျွန်ုပ်တို့နိုင်ငံရဲ့ အမျိုးသားရေးလက်တွေ့ဘဝကို ထင်ဟပ်ခြင်းမရှိပါ” လို့ ပြောကြားခဲ့ပါတယ်။
Ref-CNN
