၂၆.၁၂.၂၀၂၅
Written by Hey Mar
ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားအမျိုးသမီးတစ်ဦး ညဆိုင်းအလုပ်ဆင်းဖို့ ဆိုင်ကယ်နဲ့ထွက်လာတဲ့လမ်းမှာ ဆယ်ဘီးကားနဲ့တိုက်မိပြီး အခင်းဖြစ်နေရာတင် သေဆုံးတဲ့ဖြစ်စဉ် မနေ့က ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ္စမတ်ညမှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာလုပ်သားအရေးအကူအညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ထိုင်းနိုင်ငံ၊ ချွန်ဘူလီခရိုင်၊ စီလာချာမြို့မှာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူက စီလာချာမြို့ ဘောဝင်းတိုက်မှာ နေထိုင်ကာ သံစက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား (PJ) စာအုပ်ကိုင်ဆောင်ထားသူ မဆွေလှိုင်ဦး အသက်(၃၄)နှစ်လို့ သိရပါတယ်။
သူမက မနေ့က ည ၇ နာရီ မိနစ် ၂၀ အချိန်မှာ ညဆိုင်းအလုပ်လုပ်ဖို့ နေထိုင်ရာအခန်းကနေ ဆိုင်ကယ်နဲ့ ထွက်လာစဉ် လမ်းမှာ ဆယ်ဘီးကားနဲ့တိုက်မိပြီးအခင်းဖြစ်နေရာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ မဆွေလှိုင်ဦးက မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ သာစည်မြို့နယ်၊ အလယ်ကန်ကျေးရွာမှာ နေထိုင်သူဖြစ်ကာ မြန်မာနိုင်ငံမှာ အသက် (၈)နှစ်အရွယ် သားလေးတစ်ယောက် ကျန်ရစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားပြီးနောက် မိနစ်နှစ်ဆယ်ခန့်အကြာမှာ နယ်မြေခံရဲတွေ လာရောက်စစ်ဆေးပြီး အလောင်းကို ချွန်ဘူလီမြို့၊ လပ်ချဘန်းဆေးရုံဆီ ပို့ဆောင်စစ်ဆေးခဲ့ပြီး ဆေးရုံအအေးခန်းမှာ ထားရှိတယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ မိသားစုဝင်တွေက သေမှုသေခင်းနဲ့ ပတ်သက်ပြီး မည်သို့လုပ်ဆောင်ရမည်ကို နားမလည်တာကြောင့် သေဆုံးသူအတွက် တရားမျှတမှုနဲ့ ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေပြန်လည်ရရှိဖို့အတွက် ကူညီဆောင်ရွက်ပေးဖို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ ဒီနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အကူအညီတောင်းခံလာတာကြောင့် လိုက်ပါကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

