◾ အနာဂတ်တွင် ပေါ်ပေါက်လာမည့် မြန်မာလွှတ်တော်နှင့် ဘယ်လာရုစ်လွှတ်တော်တို့အကြား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
၂၆. ၁၂. ၂၀၂၅
Written by Nyein Kyaw
ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်နှင့် လုပ်ငန်းစဉ်များ၊ အနာဂတ်တွင် ပေါ်ပေါက်လာမည့် လွှတ်တော်နှင့် ဘယ်လာရုစ်လွှတ်တော်တို့အကြား ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ဘယ်လာရုစ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ လာရောက်တွေ့ဆုံမှုသည် MISIS နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းများအကြား အပြန်အလှန်နားလည်မှုကို ပိုမိုခိုင်မာစေပြီး အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုတစ်ရပ်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး သာသနိကအဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
