သတိုး
၂၆. ၁၂. ၂၀၂၅
NLD ဝန်ကြီးဟောင်းတစ်ဦး၊ ဗိုလ်ချုပ်လေးဦးနှင့် လုပ်ငန်းရှင်ကြီးသုံးဦးအပါအဝင် ကိုးဦးကို ဂုဏ်ထူးဆောင်ဘွဲ့များ ပြန်လည်ရုပ်သိမ်းလိုက်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက အမိန့်ကြော်ငြာစာအမှတ် (၂ဝဝ/၂ဝ၂၅) ဖြင့် ထုတ်ပြန်ကြေညာသည်။
ဂုဏ်ထူးဆောင်ဘွဲ့ ရုပ်သိမ်းခံရသူများမှာ NLD သာသနာရေးနှင့် ယဥ်ကျေးမှု ဝန်ကြီးဟောင်း ဦးအောင်ကိုအား သူရဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့၊ NLD လက်ထက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်အား ဝဏ္ဏကျော်ထင်ဘွဲ့နှင့် စီမံထူးချွန်တံဆိပ်(ဒုတိယဆင့်)၊ ဗိုလ်ချုပ်ဇော်လွင်ဦးအား ဇေယျကျော်ထင်ဘွဲ့နှင့် မြန်မာနိုင်ငံစစ်မှုထမ်း သင်္ဂဟတံဆိပ်နှင့် အခြားဗိုလ်ချုပ်များဖြစ်သော ဗိုလ်ချုပ် ဝင်းလွင်၊ ဗိုလ်ချုပ် လှမြင့်စိုးနှင့် ဗိုလ်ချုပ် အောင်လင်းထွန်းတို့အား ဇေယျကျော်ထင်ဘွဲ့ ရုပ်သိမ်းခဲ့သည်။
ထို့အပြင် ခရိုနီလုပ်ငန်းရှင်ကြီးများဖြစ်သော ဦးချစ်ခိုင်အား စည်သူဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့နှင့် စီမံထူးချွန်တံဆိပ်(ဒုတိယဆင့်)၊ ဦးခင်ရွှေအား ဝဏ္ဏကျော်ထင်ဘွဲ့နှင့် ဦးသိမ်းဝေအား သီရိပျံချီဘွဲ့တို့အား ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရုပ်သိမ်းခြင်းမှာ နိုင်ငံတော်ကောင်စီ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးတို့၏ အမိန့်ကြော်ငြာစာအမှတ် ၁၉၇၅၊ ၂/၂၀၀၂၊ ၂/၂၀၀၇၊ ၂/၂၀၁၀၊ ၂/၂၀၁၁၊ ၂/၂၀၁၂၊ ၂/၂၀၂၁၊ ၂/၂၀၂၂၊ ၂၁၅/၂ဝ၂၂ နှင့် ၄/၂၀၂၄ တို့ဖြင့် ချီးမြှင့် အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်အပိုဒ် ၆၇ အရ ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။
နိုင်ငံတော်က ချီးမြှင့်အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ်များ ပြန်လည်ရုပ်သိမ်းခြင်း ပြဋ္ဌာန်းချက်အပိုဒ် ၆၇ သည် (က) နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခြင်း၊ (ခ) အကျင့်စာရိတ္တနှင့်စပ်ဆိုင်သောပြစ်မှုကျူးလွန်၍ တရားရုံးတစ်ခုခု၏ အပြစ်ပေးခံရခြင်း၊ (ဂ) ဌာနဆိုင်ရာအရေးယူခြင်းခံရပြီး အပြစ်ရှိကြောင်း ပေါ်ပေါက်သဖြင့် ရာထူးမှ ထုတ်ပယ်ခြင်း၊ နုတ်ပယ်ခြင်း၊ ရပ်စဲခြင်းစသည့် ပြစ်ဒဏ်တစ်ရပ် ရပ်ပေးခံရခြင်း၊ (ဃ) ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်းခြင်းခံထိုက်ကြောင်း အဆင့်ဆင့် ထောက်ခံတင်ပြချက်အရ နိုင်ငံတော်က ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်းပြီးနောက် မူလထောက်ခံချက်ပါ အချက်အလက်အကြောင်းအရာများနှင့် စပ်လျဉ်း၍ မမှန်မကန်တင်ပြခဲ့ကြောင်း ပေါ်ပေါက်တွေ့ရှိခြင်း၊ (င) နိုင်ငံတော်က ချီးမြှင့်အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်ကို ပြန်လည် ရုပ်သိမ်းသင့်သည့် လုံလောက်သော အခြားအကြောင်း အချက်တစ်ရပ်ရပ် ပေါ်ပေါက်တွေ့ရှိခြင်း စသည်ဖြင့် ပြဋ္ဌာန်းထားသည်ဟုလည်း သိရသည်။
