၂၁.၁၁.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှု အခိုင်အမာရရှိထားတဲ့ အကယ်ဒမီများရှင် မင်းသမီးကြီး ခင်သန်းနု ယနေ့ကွယ်လွန် သွားတယ်ဆိုတဲ့ သတင်းတွေက သတင်းအမှားပါလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အကယ်ဒမီများရှင် ဦးဇော်မင်း (ဟံသာမြေ)က MT Entertainment ကိုပြောပါတယ်။
“မခင်သန်းနုနဲ့ ကျွန်တော် ခုပဲဖုန်းဆက်ဖြစ်ပါတယ်။ သူ့အိမ်မှာပဲရှိပါတယ်။ လူကြီးဆိုတော့ နေမကောင်းလိုက်၊ ကောင်းလိုက်တော့ရှိတာပေါ့။ လိုင်းပေါ်တက်နေတဲ့ ဆုံးသွားပြီဆိုတဲ့ သတင်းတွေက သတင်းအမှားတွေပါ။ အိမ်မှာ နေထိုင်နေပါတယ် ”လို့ အကယ်ဒမီများရှင် ကိုဇော်မင်း(ဟံသာမြေ)က MT Entertainment ကိုပြောပါတယ်။
ခင်သန်းနုကတော့ ၁၉၄၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့မှာ မွေးဖွားခဲ့တာလည်းဖြစ်ပြီး အသက်အရွယ်ကတော့ ၇၉ နှစ်ရှိပြီလည်း ဖြစ်ပါတယ်။ မင်းသမီးကြီး ခင်သန်းနုကတော့ ပျဉ်းမနားမယ်၊ ဥတ္တရတိုင်းမယ်၊ ပညာ့တံခွန ်မယ်၊ ရမည်းသင်းမယ်၊ ပြည်တောင်စုမယ်တွေကို ၁၉၆၁ ခုနှစ်က ရရှိထားသူလည်းဖြစ်ပါတယ်။
မင်းသမီးကြီး ခင်သန်းနုကတော့ ၁၉၆၇ ခုနှစ်က ကိုယ်ရယ် တိုးရယ် စိုးစိုးရယ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဇာတ်ဆောင်ဆု၊ ၁၉၉၀ ပြည့်နှစ်က ခုနစ်စဉ်အလွမ်း ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဇာတ်ဆောင်ဆု၊ ၂၀၀၀ ပြည့်နှစ်က သမီးရှင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဇာတ်ပို့ဆုကို ရရှိထားသူလည်းဖြစ်သလို ၂၀၂၄ ခုနှစ်က ရုပ်ရှင်တစ်သက်တာဆုကို ရရှိထားသလို ၂၀၂၅ ခုနှစ်မှာတော့ အလင်္ကာကျော်စွာဘွဲ့ကို ရရှိထားသူလည်းဖြစ်ပါတယ်။
