၂၁.၁၁.၂၀၂၅
Written by NYL
နိုင်ငံရေးလော်ဘီသမားများ ကြပ်ကြပ်သတိထားရန် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ပါတီအောင်နိုင်ရေးကော်မတီရုံးခန်းဖွင့်ပွဲ၌ ပြောကြားခဲ့သည်။
ထို့ပြင် ”မဲမပေးရန်တားဆီးနေမည်ဆိုလျှင် ဘယ်သူ့ကိုနိုင်စေချင်တာလဲ “ဟု ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက နိုဝင်ဘာ ၁၉ ရက်တွင် ပြုလုပ်သော အဆိုပါရုံးခန်းဖွင့်ပွဲ၌ မိန့်ခွန်းပြောကြားရာတွင် မေးခွန်းထုတ်ခဲ့သလို ဦးကိုကိုကြီးက “နိုင်ငံကို နိုင်ငံရေးနည်းလမ်းနဲ့ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့သူတွေကို နိုင်ငံရေးပလက်ဖောင်းကို ဖျက်ဆီးမပြစ်နဲ့လို့။ ကိုယ့်ဘာသာ ပိုက်ဆံရှာစား၊ စီးပွားရှာစားရင် ရိုးရိုးသားသားစီးပွားရှာစား။ အဲဒီလော်ဘီတွေလည်း ကြပ်ကြပ် သတိထားပါလို့ ကျွန်တော်ကပြောချင်တယ်။ ဒါကတော့ အစွန်းနှစ်ဖက်ကို ကျွန်တော်တို့ ပြောရလိမ့်မယ်။ အဲဒီကတော့ နိုင်ငံမှာ နိုင်ငံရေးပလက်ဖောင်း ပြန်ပေါ်လာဖို့ သိပ်အရေးကြီးတယ် “ ဟု ထည့်သွင်း ပြောကြားခဲ့သည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရေးကောက်ပွဲကြီးတွင် မဲမပေးရန်လှုံ့ဆော်သဖြင့် ရွေးကောက်ပွဲကြီး ပျက်သွားမည်မဟုတ်ဘဲ မဲမပေးရန်ဟန့်တားနေမည်ဆိုလျှင် မည်သူ့ကို နိုင်စေချင်သနည်းဟု ဦးကိုကိုကြီးက ဆိုသည်။
‘’ကျွန်တော်ပြောချင်တာက နိုင်ငံရေးနည်းလမ်းနဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ကိစ္စတွေကို ယုံယုံကြည်ကြည်နဲ့ ကျွန်တော်တို့ကိုဆောင်ရွက်ခွင့်ပေးပါ။ နောက်တစ်ခုကတော့ ရွေးကောက်ပွဲ မဲမပေးနဲ့ လှုံ့ဆော်တယ်။ မဲမပေးရင် ရလဒ်က ဘာဖြစ်မလဲ။ ရွေးကောက်ပွဲကြီး ပျက်သွားမှာလား။ ကဲ ပရိသတ်ကို ကျွန်တော်မေးမယ်။ မဲမပေးနဲ့လို့ လှုံ့ဆော်လို့ ရွေးကောက်ပွဲက ပျက်သွားမှာလား။ ရွေးကောက်ပွဲက မပျက်ဘူး။ ဒါဆိုရင် ဘယ်လိုရလဒ်မျိုးကို ဖြစ်စေချင်တာလဲ။ ကျွန်တော်တို့က ဒီမိုကရေစီအရေး၊ တိုင်းရင်းသားတန်းတူညီမျှရေး၊ ဖယ်ဒရယ်ဘက်ကနေ နိုင်ငံရေးနည်းလမ်းနဲ့ ခိုင်ခိုင်မာမာကြိုးပမ်းနေတဲ့သူတွေကို မဲမပေးရအောင် ဟန့်တား တားဆီးနေမယ်ဆိုရင် ခင်ဗျားတို့ ဘယ်သူ့ကိုနိုင်စေချင်တာလဲ ကျွန်တော်က မေးရလိမ့်မယ် “ ဟု ဦးကိုကိုကြီးက မေးခွန်းထုတ်သည်။
ဆက်လက်၍ ပြည်သူတိုင်းပါဝင်ဆောင်ရွက်နိုင်သည့် နိုင်ငံရေးမှာ ရွေးကောက်ပွဲနိုင်ငံရေး ဖြစ်ပြီး ပြည်သူများ ဥပဒေဘောင်ထဲမှ ဆန္ဒဖော်ထုတ်နိုင်မည့်အခွင့်အရေးကို မဖျက်ဆီးကြရန်နှင့် ပြုပြင်ပြောင်းလဲလိုသည့် နိုင်ငံရေးသမားများကို ဆန့်ကျင်တိုက်ခိုက်သည့် လော်ဘီများအပါအဝင် အစွန်းနှစ်ဖက်ထွက်နေသူများနှင့် ပတ်သက်၍လည်း ဦးကိုကိုကြီးက “အစွန်းတရားနှစ်ဖက်ကိုတော့ ကျွန်တော်ပြောပြီ။ နိုင်ငံရေးပလက်ဖောင်းကိုတော့ ဖျက်ဆီးမပြစ်ပါနဲ့။ နိုင်ငံရေးပလက်ဖောင်းပြန်ပြီး အားကောင်းမှ ကျွန်တော်တို့ပြည်သူတွေ တစ်ဦးချင်း၊ တစ်ယောက်ချင်း ပါဝင်ဆောင်ရွက်နိုင်တဲ့ နိုင်ငံရေးဟာ ရွေးကောက်ပွဲနိုင်ငံရေး။ လက်နက်ကိုင်နိုင်ငံရေးတို့ အခြားနည်းလမ်းတို့ကိစ္စဟာ ပြည်သူတိုင်းပါဝင်ဆောင်ရွက်မှုမလုပ်နိုင်ဘူး။ အဲဒီတော့ မဲပေးရွေးချယ်ကြတော့ ပြည်သူတိုင်း၊ ပြည်သူတိုင်း ဥပဒေဘောင်ထဲကနေ သူ့ရဲ့ဆန္ဒကို ဖော်ထုတ်နိုင်တဲ့အခွင့်အလမ်းဖြစ်တယ်။ အဲဒါကို ဖျက်ဆီးမပြစ်ပါနဲ့လို့ အဲဒီအစွန်းတစ်ဖက်ကို ကျွန်တော်ကပြောချင်တယ်။ နောက်တစ်ခု အစွန်းတစ်ဖက်ကတော့ တစ်ဖက်ကို ဆန့်ကျင်ချေမှုန်းချင်တာနဲ့ နိုင်ငံရေးသမားအားလုံးကို တိုက်ခိုက်တာ။ အဲဒါကြက်တူရွေးကတော်တော်၊ မယ်တော်ကကဲကဲဆိုတာက ပိုပြီးတော့ဆိုးတယ်။ အဲဒါက ဘာလဲဆိုတော့ ထိပ်ပိုင်းက ခေါင်းဆောင်တွေက ဘာပဲပြောပြော တပ်မတော်ကလည်း တပ်မတော်ခေါင်းဆောင်တွေမှာ အမြော်အမြင်ရှိရှိနဲ့ နိုင်ငံရေးက ဒီလိုလုပ်လို့မရဘူး။ ပြုပြင်ပြောင်းလဲရမယ်ဆိုတာ သိတဲ့အပိုင်းက သိတယ်။ အဲဒီခက်နေတာက လော်ဘီတွေရဲ့ ပြဿနာ။ လော်ဘီတွေက ကန်တော့ပါရဲ့ စောက်မှန်း၊ ကမ်းမှန်းမသိ” ဟု ပြောကြားခဲ့သည်။
ပြည်သူ့ပါတီ၏ ရန်ကုန်တိုင်းဒေသကြီး အောင်နိုင်ရေးကော်မတီရုံးခန်းဖွင့်ပွဲနှင့် အောင်နိုင်ရေးပိုစတာဖွင့်ပွဲအခမ်းအနားကို မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းရှ ပြည်သူ့ပါတီရန်ကုန်တိုင်းဒေသကြီးရုံးရှေ့တွင် နိုတင်ဘာ ၁၉ ရက်၊ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ပြည်သူ့ပါတီဗဟိုဥက္ကဋ္ဌဦးကိုကိုကြီး၊ ဗဟိုအတွင်းရေးမှုးအဖွဲ့ဝင် ဦးကျော်လင်းနှင့် ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌဦးလှဌေးတို့က အောင်နိုင်ရေးရုံးခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အောင်နိုင်ရေးပိုစတာအား အမွှေးနံ့သာရည်များပက်ဖြန်းကြသည်။
အဆိုပါ အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးမှ ပြည်သူ့ပါတီကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
