၂၁. ၁၁. ၂၀၂၅
Translated by Thettant
ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းရှိ ကော်စက်ရုံတစ်ခုတွင် ယနေ့နံနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားရာ စက်ရုံပြိုကျပြီး အနီးနားရှိ နေအိမ်များတွင် မီးလောင်မှုများ ဖြစ်ပွားခဲ့သောကြောင့် ကလေးငယ် ၆ ဦးအပါအဝင် အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပါကစ္စတန် မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
ပေါက်ကွဲမှုသည် ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းရှိ ပန်ဂျပ်ပြည်နယ်၊ လာဟိုးမြို့၏ အနောက်ဘက် ဖိုင်ဆယ်ဘာဒ်မြို့၊ မလိပူ (Malikpur) ဒေသ၌ ဒေသစံတော်ချိန် သောကြာနေ့ (နိုဝင်ဘာ ၂၁ ရက်) နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဖိုင်ဆယ်ဘာဒ်မြို့အကြီးအကဲ Raja Jahangir Anwar ကို ကိုးကား၍ ဒေသခံ သတင်းမီဒီယာများက သတင်းထုတ်ပြန်ရာတွင် စက်ရုံ၏ ဓာတုဗေဒ ကုန်ပစ္စည်းသိုလှောင်ရုံအတွင်း ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု အကြိုစုံစမ်းစစ်ဆေးမှုများက ဖော်ပြသည်။
မီးလောင်ပေါက်ကွဲမှုအတွက် အာဏာပိုင်များက စက်ရုံမန်နေဂျာကို ဖမ်းဆီးခဲ့သော်လည်း ဖြစ်စဉ်ဖြစ်ပွားပြီး မကြာမီ ထွက်ပြေးတိမ်းရှောင်သွားသည့် စက်ရုံပိုင်ရှင်ကို ဖမ်းဆီးအရေးယူနိုင်ရန် ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။

ပါကစ္စတန် ရုပ်သံလိုင်း Aaj TV ၏ အဆိုအရ ပေါက်ကွဲမှုကြောင့် စက်ရုံ၏ ခေါင်မိုးနှင့် အနီးနားရှိ နေအိမ် အနည်းငယ်၏ ခေါင်မိုးများ ပြိုကျပျက်စီးခဲ့ပြီး ထိုအထဲမှ အနည်းဆုံး နေအိမ်သုံးလုံး မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ရုပ်သံလိုင်းမှ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ပေါက်ကွဲမှု ဗဟိုနေရာမှ မီးတောက်များ ထွက်နေသည်ကိုလည်းကောင်း၊ မီးလောင်နေသည့် အဆောက်အအုံအတွင်းသို့ ကယ်ဆယ်ရေးအဖွဲ့များ စုပြုံဝင်ရောက်နေသည်ကိုလည်းကောင်း ပြသထားသည်။
သေဆုံးသူ အများစုမှာ အနီးပတ်ဝန်းကျင် နေအိမ်များမှ ဒေသခံများဖြစ်ပြီး ကလေးငယ် ခြောက်ဦး ပါဝင်ကြောင်း အာဏာပိုင်များက ပြောသည်။
ရုပ်သံလိုင်း Geo News ၏ အဆိုအရ ကယ်ဆယ်ရေးအဖွဲ့များသည် ပြိုကျ အပျက်အစီးများကြားမှ သေဆုံးဒဏ်ရာရသူများကို ခက်ခဲစွာ ရှာဖွေရသည်။ ဒဏ်ရာရရှိသူ ခုနစ်ဦးကို အနီးအနားရှိ ဆေးရုံတစ်ခုတွင် ဆေးကုသပေးနေသည်။
ထိုနိုင်ငံတွင် စက်ရုံမီးလောင်မှုများသည် အဆန်းမဟုတ်ပေ။ ၂၀၂၄ ခုနှစ်တွင် ဖိုင်ဆယ်ဘာဒ်ရှိ အထည်အလိပ်စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုကြောင့် လူတစ်ဒါဇင် သေဆုံးခဲ့ပြီး၊ ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဆင်းဒ်ပြည်နယ်၊ ကရာချိမြို့ရှိ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုကြောင့် လူလေးဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုဖြစ်စဉ်အပေါ်လည်း အချို့သတင်းမီဒီယာများက ဘွိုင်လာပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် သေဆုံးသူအရေအတွက်မှာလည်း ၁၅ ဦး၊ ၁၆ ဦး၊ ၁၇ ဦး စသည်ဖြင့် ဖော်ပြနေပြီး အာဏာပိုင်များ၏ အတည်ပြုသေဆုံးသူအရေအတွက်မှာမူ ထွက်ပေါ်လာခြင်းမရှိသေးချေ။
Ref : Al Jazeera
