၂၁.၁၁.၂၀၂၅
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံမှာ ၂၀၂၃ ခုနှစ်က ရေတပ်သားတစ်ဦး သေဆုံးခဲ့မှုအတွက် စုံစမ်းစစ်ဆေးနေတဲ့ အထူးရှေ့နေက သမ္မတဟောင်း ယွန်ဆပ်ယိုလ်ကို အမှုအပေါ် စစ်တပ်ရဲ့ စုံစမ်းစစ်ဆေးမှုကို မလိုအပ်ဘဲ လွန်ကဲတဲ့ဖိအားတွေပေးဖို့ ကြိုးပမ်းခဲ့မှုနဲ့ တခြားလုံခြုံရေးနှင့် ကာကွယ်ရေးအဆင့်မြင့်အရာရှိဟောင်း ၁၁ ဦးနဲ့အတူ နိုဝင်ဘာလ ၂၁ ရက်မှာ တရားစွဲဆိုခဲ့ပါတယ်။

အထူးရှေ့နေက ယွန်က ရေတပ်မှ တပ်ကြပ် ချေဆုဂွန် သေဆုံးမှုမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ရေတပ် ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပေါ် တာဝန်ရှိနေမှုကို လွတ်မြောက်စေဖို့အတွက် စစ်ဖက်စုံစမ်းစစ်ဆေးမှုရဲ့ ကနဦးတွေ့ရှိချက်တွေကို ဆန့်ကျင်ဘက်ပြင်ဆင်ဖို့ သမ္မတရုံးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို အမိန့်ပေးခဲ့တယ်လို့ သံသယရှိခံရကာ အထူးရှေ့နေရဲ့ မေးမြန်းတာကို ခံခဲ့ရပါတယ်။
အခုနောက်ဆုံးစွဲချက်တင်ခြင်းက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေးအမိန့်ကို ပြဋ္ဌာန်းခဲ့တာကြောင့် ရာထူးမှဖယ်ရှားခံရတဲ့ သမ္မတဟောင်းအပေါ် စွဲဆိုထားချက်တွေအပြင် ထပ်လောင်းစွဲဆိုလိုက်တာပါပဲ။
ယွန်ဟာ အာဏာအလွဲသုံးစားမှုနဲ့ တရားဝင်စာရွက် စာတမ်းတွေကိုဖျက်ဆီးမှုစွဲချက်တွေနဲ့လည်း ရုံးတင်စစ်ဆေးခံရမှာဖြစ်ပါတယ်။
အခု စွဲချက်တင်တာမှာတော့ လူပုဂ္ဂိုလ်ကို ဖမ်းဆီးထိန်းသိမ်းဖို့ ဖော်ပြမထားပေမယ့် ယွန်အနေနဲ့ စစ်အုပ်ချုပ်ရေးနဲ့ ဆက်စပ်တဲ့စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရပြီးဖြစ်ပါတယ်။
ထိုစဉ်က သမ္မတယွန်ရဲ့ညွှန်ကြားချက်အရ ချေရဲ့အမှုမှာ ပါဝင်ပတ်သက်ခဲ့ကြတဲ့ ထောက်လှမ်းရေးအကြီးအကဲဟောင်း ချိုတေးယွန်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း လီဂျုန်ဆပ်အပါအဝင် အခြားအဆင့်မြင့်အရာရှိဟောင်း ၁၁ ဦးကိုလည်း သမ္မတဟောင်းယွန်နဲ့အတူ စွဲချက်တင်ခဲ့တာပါ။
ကွယ်လွန်သွားပြီဖြစ်တဲ့ ရေတပ်သားဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်က မိုးသည်းထန်စွာရွာသွန်းလို့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ရှာဖွေဖို့ အသက်ကယ်အင်္ကျီ ဒါမှမဟုတ် အခြားဘေးကင်းရေးလုံခြုံ စိတ်ချရမှုပစ္စည်းတွေ မဝတ်ဆင်ဘဲ တာဝန်ထမ်းနေတုံးမှာ ရေစီးကြောင်းကြီးတစ်ခုအတွင်း မျောပါသွားပြီး သေဆုံးခဲ့ရတာပါ။
ဒီအမှုနဲ့ပတ်သက်လို့ စစ်ဖက်စုံစမ်းစစ်ဆေးမှုတစ်ခုက ရေတပ်ပထမတပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး လင်မ်ဆုံဂွန် အပါအဝင် လူရှစ်ဦးဟာ သူတို့ရဲ့ တာဝန်ပေါ့လျော့ခဲ့ကြလို့ သေဆုံးမှုဖြစ်ပွားရတာလို့ သံသယရှိတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
ထိုစဉ်က ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ လီဟာ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို မကန့်ကွက်ဘဲ ကနဦးမှာ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် အထူးရှေ့နေရဲ့အဆိုအရ သမ္မတယွန်က စုံစမ်းတွေ့ရှိချက်တွေကို ရှင်းလင်းတင်ပြပြီးနောက် ဒေါသထွက်မကျေမနပ် ဖြစ်ခဲ့တာမှာ စုံစမ်းစစ်ဆေးမှုကို ရဲတပ်ဖွဲ့ ဆီ လွှဲပြောင်းမပေးဖို့ နောက်ပိုင်းမှာ အမိန့်ပေးခဲ့တယ်ဆိုပါတယ်။
ချေရဲ့ သေဆုံးမှုကို ရေတပ်ရဲ့စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီး ပတ်ဂျွန်ဟွန်းဟာ လီရဲ့ အမိန့်တွေကို ဆန့်ကျင်ပြီးနောက်မှာတော့ ရာထူးမှ ထုတ်ပယ်ခံခဲ့ရပါတယ်။
အထူးရှေ့နေက ယွန်ဟာ ထိုအချိန်က ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သမ္မတရုံးကို တရားမဝင်အမိန့်တွေ ထုတ်ပြန်ခဲ့ပြီး သူ့ရဲ့ သမ္မတအာဏာကို ကျော်လွန်ဆောင်ရွက်ခဲ့တယ်လို့ ယုံကြည်ထားပါတယ်။
လီကို ယွန်မှ ၂၀၂၄ ခုနှစ် မတ်လမှာ သြစတြေးလျနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့တာက လီအနေနဲ့ ရေတပ်တပ်ကြပ် ချေ သေဆုံးမှုနဲ့ ပတ်သက်လို့ တာဝန်ရှိမှုကို ရှောင်ရှားဖို့ ကူညီပေးခဲ့တာပဲလို့ သံသယတွေ မြင့်တက်စေခဲ့ပါတယ်။
သမ္မတဟောင်း ယွန်ကတော့ သူ့အပေါ် စွဲချက်တွေအားလုံးကို ငြင်းဆိုခဲ့ပါတယ်။
Ref- Yonhap
