၂၁.၁၁.၂၀၂၅
Translated by Htwe Ko Tun
ရုရှား၏အကြံပြုချက်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ထောက်ခံမှုပြုကာ ရေးဆွဲထားသော ယူကရိန်းစစ်ပွဲပြီးဆုံးရေးအဆိုပြုချက်တစ်ရပ်ကို ယူကရိန်းအစိုးရက အများအားဖြင့် ပယ်ချခဲ့ရာ စစ်ပွဲပြီးဆုံးရေးအတွက် သဘောတူညီချက်တစ်ခုရရှိရန်မှာ အလှမ်းဝေးနေဆဲဖြစ်ကြောင်း သိရသည်။
အမေရိကန်အစိုးရနှင့် ရုရှားအစိုးရတို့က ယူကရိန်း (သို့မဟုတ်) ဥရောပတိုက်မှ နေတိုးမိတ်ဖက်များနှင့် တိုင်ပင်ဆွေးနွေးမှု မပြုဘဲ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ကျယ်ပြန့်သော အဆိုပြုချက်တစ်ရပ်ကို ရေးဆွဲခဲ့ကြကြောင်း သတင်းများအရ သိရသည်။
အမေရိကန်နှင့် ရုရှားအရာရှိများက ရေးဆွဲခဲ့သည်ဆိုသော ဤအစီအစဉ်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးအတွက် အားနည်းချက်များဖြစ်ပေါ်နေသည့် အခိုက်အတန့်တွင် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
ယခုအခါတွင် ရုရှားက တိုက်ခိုက်မှုများကို ဆက်လက်အရှိန်မြှင့်နေပြီး ယူကရိန်းသမ္မတ ဇယ်လန်စကီး အဖို့မှာ အဂတိလိုက်စားမှုအရှုပ်တော်ပုံနှင့် အငြင်းပွားဖွယ်ရာ အမေရိကန်ငြိမ်းချမ်းရေးအစီအစဉ်တို့နှင့် ရင်ဆိုင်ရုန်းကန်နေရသောကြောင့် ယူကရိန်းမှာ ခက်ခဲပြင်းထန်သော အခြေအနေနှင့် ရင်ဆိုင်နေရချိန်လည်း ဖြစ်သည်။
သတင်းများအရအချက် ၂၈ ချက်ပါ အဆိုပြုချက်တွင် ယူကရိန်းဘက်က နယ်မြေလွှဲပြောင်းပေးအပ်ခြင်း၊ ယူကရိန်းစစ်တပ်အပေါ် ကန့်သတ်ချက်များနှင့် ခရိုင်းမီးယားကို ရုရှားပိုင်နယ်မြေအဖြစ် အသိအမှတ်ပြုခြင်းတို့ ပါဝင်သည်ဟု သိရသည်။
Ref-DW News
