၂၁. ၁၁. ၂၀၂၅
Translated by Thettant
ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိသော ငလျင်တစ်ခုသည် ယနေ့ သောကြာနေ့ (နိုဝင်ဘာလ ၂၁ ရက်) တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကို ကိုးကား၍ AP သတင်းက ဖော်ပြခဲ့သည်။
ငလျင်ကြောင့် ဒါကာမြို့ရှိ အဆောက်အအုံများ တုန်ခါခဲ့ပြီး မြို့ခံများသည် အပြင်သို့ ထွက်ပြေးခဲ့ကြသည့် ယင်းငလျင်လှုပ်ခတ်မှုကို နိုင်ငံ၏ နေရာအတော်များများတွင်သာမက အိမ်နီးချင်း အိန္ဒိယနိုင်ငံရှိ ကိုလ်ကတ္တားအပါအဝင် ဒေသများတွင်လည်း ခံစားခဲ့ရသည်။


အမေရိကန် ဘူမိဗေဒဆိုင်ရာ သုတေသနအဖွဲ့ (US Geological Survey-USGS) ထုတ်ပြန်ချက်အရ ငလျင်သည် ယနေ့ နံနက် ၁၀ နာရီ ၃၈ မိနစ် (ဒေသစံတော်ချိန်) တွင် ဖြစ်ပွားခဲ့ပြီး ဗဟိုချက်သည် ဒါကာမှ ၂၅ ကီလိုမီတာခန့် အကွာအဝေးရှိ နာဆင်ဒီခရိုင်၊ ဂိုရာရှယ်ဧရိယာ၌ ၁၀ ကီလိုမီတာ အနက်ကို ဗဟိုပြုခဲ့ကြောင်း သိရသည်။ ဒါကာအခြေစိုက် DBC ရုပ်မြင်သံကြားမှ ဖော်ပြချက်အရ မြို့တော်၌ လူခြောက်ဦး သေဆုံးခဲ့ရာ ၎င်းတို့အနက် သုံးဦးမှာ အမိုးနှင့် နံရံပြိုကျမှုကြောင့် သေဆုံးခဲ့ပြီး ကျန်သုံးဦးမှာ အဆောက်အအုံ လက်ရန်းများ ပြုတ်ကျ၍ လမ်းသွားလမ်းလာများ ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များက တစ်စတုရန်းကီလိုမီတာလျှင် လူဦးရေ ၃၀,၀၀၀ ကျော်ဖြင့် ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံးမြို့များထဲမှ တစ်ခုဖြစ်သော ဒါကာမြို့၌ ငလျင်လှုပ်ခတ်မှုကြောင့် သိသာထင်ရှားသော ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
ANI မှ ဖော်ပြသော သီးခြားသတင်းတစ်ပုဒ်တွင် နာဆင်ဒီအနီး လှုပ်ခတ်ခဲ့သော ၅ ဒသမ ၅ ပြင်းအားရှိ ငလျင်ကို ဒါကာတစ်ဝန်းတွင် နံနက် ၁၀ နာရီ ၄၀ ခန့်၌ ကျယ်ကျယ်ပြန့်ပြန့် ခံစားခဲ့ရပြီး အိန္ဒိယနိုင်ငံ၏ အနောက်ဘင်္ဂလားနှင့် အရှေ့မြောက်ဒေသများတွင်လည်း ခံစားခဲ့ရကြောင်း ဖော်ပြခဲ့သည်။

USGS က ယင်းဖြစ်ရပ်ကို အိန္ဒိယစံတော်ချိန် (IST) နံနက် ၁၀ နာရီ ၀၈ မိနစ်ဟု မှတ်တမ်းတင်ခဲ့သည်။ ANI ၏ သတင်းအရ “ယခုအချိန်အထိ သေဆုံးမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှု အစီရင်ခံစာများ မရရှိသေးပါ” ဟု ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် တရားဝင် ထုတ်ပြန်ချက်များက မြို့တော်၌ သေဆုံးမှုများကို အတည်ပြုခဲ့သည်။
ယခုငလျင်ကို USGS က ပြင်းအား ၅ ဒသမ ၅ ဟု သတ်မှတ်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန (BMD) နှင့် အခြား မိုးလေဝသတိုင်းတာရေးဌာနအဖွဲ့အစည်းများကမူ ပြင်းအား ၅ ဒသမ ၇ အဆင့်ဟုလည်း ဖော်ပြကြသည်။
Ref: TOI
