၂၁.၁၁.၂၀၂၅
Written By Thandar
နိုင်ငံကျော် ကဗျာဆရာ၊ အမျိုးသားစာပေ တစ်သက်တာဆုရှင် (ဦး) ကိုလေး(အင်းဝဂုဏ်ရည်) ဟာ လူကြီးရောဂါနဲ့ ယနေ့ နိုဝင်ဘာလ၂၁ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့မှာ ဆေးဝါးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
“အထက်မြန်မာပြည်က ကဗျာဆရာကြီးလို့ ပြောရမှာပေါ့နော်။ ဒါပေမယ့် စာပေနယ်မှာက လူချစ်လူခင်များတဲ့ ကဗျာဆရာကြီးပါ။ သူ့ကို လေးစားကြတဲ့သူတွေလည်း တော်တော်လေးကို များပါတယ်။ အထက်မြန်မာပြည် မန္တလေးမှာနေလို့ နာမည်တပ်ရတာပါ။ တကယ့်တကယ် အောက်မြန်မာပြည်က ကဗျာဆရာတွေ စာရေးဆရာတွေရော လေးစားခံရတဲ့ ပုဂ္ဂိုလ်ပါ။ ဟိုတလောကတော့ ကျန်းမာရေးသိပ်မကောင်းဘူး ပြောနေကြတယ်။ ဒါပေမယ့် လိုင်းပေါ်မှာလည်း ကျန်းမာတဲ့အချိန်ထိ ကဗျာတွေ တစ်ခါတလေရေးတင်နေကြတာလည်း ရှိပါတယ်။ နောက် မိတ်ဆက်နေတာလည်း အမြဲလုပ်နေတော့ လူတိုင်းက အဆက်အသွယ်မပြတ်ကြပါဘူး။ နေမကောင်းဘူးဆိုတော့ ဝိုင်းပြီးဆုတောင်းပေးနေကြတာပါ။ စာပေသမားတွေလည်း အဆက်အသွယ်မပြတ်အောင်လည်း နေတတ်တဲ့သူပါ။ ခုလို သူကအသက်အရွယ်ရလာတော့ လူကြီးရောဂါနဲ့ ဆုံးသွားပြီဆိုတော့ စိတ်မကောင်းဖြစ်ရပါတယ်”လို့ စာရေးဆရာ အောင်သျှံဝိုင်း(ကျိုက်မရော)က MT Entertainment ကို ပြောပါတယ်။

သူဟာ လူကြီးရောဂါနဲ့ မန္တလေးမှာ ဆေးကုသခံယူရင်းနဲ့ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။ (ဦး)ကိုလေး (အင်းဝဂုဏ်ရည်) ကို ဖခင်ဦးချွန်နဲ့ မိခင်ဒေါ်မမကြီးတို့က ၁၉၃၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့က မွေးဖွားခဲ့ပြီး အင်းဝမြို့၊ ဈေးချို ပန်းပဲတန်းရပ်မှာ မွေးဖွားခဲ့ပြီး အမည်ရင်းကလည်း ကိုလေးဖြစ်ပါတယ်။ မွေးချင်းသုံးယောက်မှာ အကြီးဆုံးဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း မန္တလေးက အင်းဝသို့ စစ်ရှောင်ပြေးလာတဲ့ အမ် အေဒေါ်အုန်း၊ မန္တလေး အမျိုးသားကျောင်းဆရာတွေနဲ့ ဖခင်ဦးချွန်တို့ တည်ထောင်တဲ့ အင်းဝ ဂုဏ်ရည်ကျောင်းမှာ ပညာသင်ယူခဲ့တာလည်းဖြစ်ပါတယ်။
(ဦး)ကိုလေး(အင်းဝဂုဏ်ရည်) က ဆဋ္ဌမတန်း ကျောင်းသားအရွယ်မှာ ကဗျာတွေ စတင်ရေးသားခဲ့ပြီး မန္တလေးမြို့မှာ ထုတ်ဝေတဲ့ မြန်မာ့လမ်းစဉ်သတင်းစာမှာ “ကျွန်တော်တိုဌာနေ ရွှေအင်းဝ” ကဗျာနဲ့ စာပေလောကသို့ ဝင်ရောက်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်က တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး မန္တလေးတက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက် ကျောင်းဆရာအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာ စာပေနယ်ကို ကဗျာများစတင်ရေးသားဝင်ရောက်ခဲ့ပြီး ၁၉၆၅ ခုနှစ်မှာ လမ်းသစ်ကဗျာများစာအုပ်နဲ့ အမျိုးသားစာပေဆု ပထမဦးဆုံးချီးမြှင့်ခံရပါတယ်။ ၂၀၁၂ ခုနှစ်က မွန်းတည့်အမီကဗျာစာအုပ်က တော်ဘုရားလေးကဗျာနဲ့ ဆုတွေရရှိခဲ့သလို ၂၀၁၄ ခုနှစ်မှာလည်း နိုင်ငံတော်အစိုးရက ချီးမြှင့်တဲ့ အမျိုးသားစာပေတစ်သက်တာဆုနဲ့ အလင်္ကာကျော်စွာဆုတို့ကို ရရှိခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
#ဦးကိုလေး #နိုင်ငံကျော်ကဗျာဆရာကြီးဦးကိုလေး #အင်းဝဂုဏ်ရည် #UKoLay #အမျိုးသားစာပေဆုရှင် #တစ်သက်ဆုရှင်
တင်ပေးပါ
