◾️ မုန်တိုင်းနှင့် နိုင်ကြီးက တပ်ပိုင်ပစ္စည်းဥစ္စာအလွဲသုံးစားလုပ်၍ အရေးယူရဟု သတင်းထုတ်ပြီး တပ်တည်ဆောက်ရေးလုပ်ငန်းစဥ် အားစိုက်လုပ်မည်ဟုပါ စာထုတ်
နေမိုး
၂၁. ၁၁. ၂၀၂၅
တအာင်းလက်နက်ကိုင် TNLA ဟာ တပ်မတော်နဲ့ အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်မှာ တွေ့ဆုံဆွေးနွေးအပြီး တပ်မတော်က TNLA ကို လေကြောင်းမတိုက်ခိုက်ဖို့တောင်းဆိုကာ ဒီတောင်းဆိုမှုအတွက် သူတို့နယ်မြေလုယက်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို တပ်မတော်ထံ ပြန်အပ်မယ်လို့ ကတိပေးခဲ့ပါတယ်။ ဒီလို ကတိပေးခဲ့ပေမဲ့ TNLA နဲ့ NUG ကို ဩဇာခံတဲ့ MDY PDF၊ မိုးကုတ်ဗျူဟာ အပါအဝင် PDF ငါးဖွဲ့အထက်က မြို့နှစ်မြို့က မခွာပေးဘဲ တိုက်ခိုက်မယ်လို့ စာထုတ်ကြတာကြောင့် တပ်မတော်ကို TNLA က လုံခြုံရေးယူပြီး မိုးကုတ်နှင့် မိုးမိတ်မြို့ကို လက်ရောက်ပြန်အပ်မှာဖြစ်သလို PDF တွေ မခုခံရဘူးလို့ အမိန့်ထုတ်ကြောင်း သတင်းထွက်ချိန်မှာ MDY PDF ထဲကနေ တပ်မတော်ကို ခံတိုက်လိုတဲ့ သူနဲ့ TNLA အလိုကျ အညံ့ခံလိုသူတို့ အငြင်းပွားပြီးနောက်မှာ သဘောထားတင်းမာသူ မုန်တိုင်းနဲ့ နိုင်ကြီးတို့ ခေါင်းဆောင်နှစ်ဦးကို MDY PDF က ဖမ်းဆီးအာဏာသိမ်းလိုက်တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။
ဒီလို မုန်တိုင်းနဲ့ နိုင်ကြီးတို့ ခေါင်းဆောင်နှစ်ဦးကို MDY PDF က ဖမ်းဆီးအာဏာသိမ်းမှုကို TNLA ရဲ့ အမိန့်နာခံတဲ့ MDY PDF စစ်ဦးစီးချုပ်တွေဖြစ်တဲ့ ဒေါက်တာတေဇာဆန်းနဲ့ ဒေါက်တာစိုးသူရဇော်တို့ ဦးဆောင်တယ်လို့ သိရပြီး ဒီနေ့မှာတော့ MDY PDF က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် (၂) ဦးဖြစ်တဲ့ မုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နဲ့ နိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ဟာ ကာလတန်ဖိုးကြီးမားတဲ့ တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ကို တပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ပြီး တရားမဝင် ထုတ်ယူသွားခဲ့ကြောင်း၊ ဤဖြစ်စဉ်အတွက် အပြစ်ရှိကြောင်း၊ အဆိုပါ ဘဏ္ဍာပစ္စည်းများကို တပ်ထံသို့ အမြန်ဆုံး ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း၊ ဤပြစ်မှုအတွက် တပ်က ပေးအပ်သည့် ပြစ်ဒဏ်ကို ခံယူမည်ဖြစ်ကြောင်းကို ဩဂုတ်လ ပြုလုပ်ခဲ့တဲ့ ၎င်းတို့ကိုယ်တိုင် ပါဝင်တက်ရောက်တဲ့ ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပေမဲ့ အခုအချိန်အထိ အဆိုပါ ဘဏ္ဍာပစ္စည်းများစွာကို တပ်ထံ ပြန်လည်အပ်နှံခြင်း မရှိလို့ နိုဝင်ဘာ ၁၅ ရက်ကစ ဖမ်းဆီးအရေးယူထားပြီး တာဝန်ရပ်ဆိုင်းလိုက်သလို လက်နက်ဖြုတ်သိမ်းလိုက်တယ်လို့ ဝန်ခံလာပြီး ဒီနှစ်ယောက်က ခေါင်းဆောင်တွေဖြစ်လို့ NUG ရဲ့ MOD စစ်ရုံးချုပ်ကို တင်ပြအရေးယူမယ်လို့ ထုတ်ပြန်လာပါတယ်။
ဒီဖြစ်စဥ်ကို MDY PDF က ထုတ်ပြန်ချိန်မှာ တပ်မတော်ကို ခုခံလိုတဲ့ သဘောထားတင်းမာလို့ မုန်တိုင်းနဲ့ နိုင်ကြီးကို ဖမ်းတာ၊ NUG အောက်ဝင်တာ မကြိုက်လို့ ဖမ်းတာ၊ PDF များစွာ ပစ္စည်းခိုးထုတ်တာ နေရာအနှံ့ဖြစ်နေသလို မိုးကုတ်ဂေါက်ကွင်းပါမချန် မွနေအောင်တူးပြီး ပစ္စည်းခိုးနေတာတောင် MDY PDF က အရေးမယူ၊ စာမထုတ်တာကို ဝေဖန်ထောက်ပြကြသလို Kyaw Swar Aung အကောင့်ပိုင်ရှင်ကလည်း “NUG က TNLA နဲ့ ဆက်ဆံရေး မပျက်ဆီးအောင် သဘောထားတင်းမာတဲ့ ကိုမုန်တိုင်းတို့ကို ဖမ်းတယ်လို့ ယူဆမိပါတယ် အကယ်၍ မိုးကုတ်နဲ့ မိုးမိတ်ကို စကမတပ်တွေ အေးအေးလူလူ ဝင်လာရင်တော့ ဒီယူဆချက်ကို ပိုသေချာစေမယ် NUG အနေနဲ့ မိုးကုတ် မိုးမိတ်ကို စစ်တပ်အဝင်မခံရင်တော့ ကျနော်ထင်တာ မှားမယ်ပေါ့ဗျာ လာဘ်စားတယ်/အလွဲသုံးစားလုပ်တယ် ဘာညာဆိုရင်တောင် ခုလိုအချိန်မျိုးမှာ အချိန်ကိုက် ဖမ်းမယ် မထင်ဘူးဗျာ မိုးကုတ်ဂေါက်ကွင်းတကွင်းလုံး ပွစာကြဲအောင် ကျောက်တူးတာကိုတောင် MdyPDF ရော NUG ရော ခုထိ စာတခါမှ မထုတ်ပြန်ခဲ့ဖူးဘူးလေ(သတ်ပုံ မူရင်း) လို့ မှတ်ချက်ပြုပြီး MDY PDF ကို ဝေဖန်ထားပါတယ်။
ဒါ့အပြင် MDY PDF က မုန်တိုင်းနဲ့ နိုင်ကြီးကို ဖမ်းအပြီးထုတ်ပြန်ချက်မှာ “အပြစ်ရှိသူကို အပြစ်အလျှောက် ထိုက်သင့်သလို အပြစ်ပေးအရေးယူခြင်း၊ ကျင့်ဝတ်စည်းကမ်းထိန်းသိမ်းကြပ်မတ်ခြင်း” (Disciplinary Action) အပါအဝင် “တပ်တည်ဆောက်ရေးလုပ်ငန်းစဉ်” ကို ပိုမိုအားစိုက်ဆောင်ရွက်သွားမယ်လို့လည်း MDY PDF အတွင်း အာဏာသိမ်းမှုဂယက်ကို ဖွင့်ဟသွားခဲ့ပါသေးတယ်။
