၂၁.၁၁.၂၀၂၅
Written By Thandar
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ အကယ်ဒမီ ဆုဗန်းကိုင်မယ့် ရွှေကြို မောင်/မယ်တွေအနေနဲ့ နိုဝင်ဘာ ၂၄ ရက်ကစ စတင်လျှောက်လွှာခေါ်ယူနေလျက်ရှိပါတယ်။
“ကျွန်တော်တို့ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ အကယ်ဒမီဆု ဗန်းကိုင်ဆောင်ကြမယ့် ရွှေကြိုမောင်/မယ်တွေ လာမယ့် တနင်္လာနေ့မှာ လျှောက်လွှာတွေ စတင်ခေါ် ယူတာဖြစ်ပါတယ်။ ယခင်နှစ်တွေကလိုပဲ သတ်မှတ်ထားတဲ့ စည်းကမ်းစည်းမျဉ်းအတိုင်းပဲ ခေါ်ယူတာပါ။ ပါဝင်လျှောက်ကြမယ့် အမျိုးသား/အမျိုးသမီးတွေ အသက် ၁၆ နှစ်ကနေ ၂၅ နှစ်အတွင်း သတ်မှတ်ထားပါတယ်။ အဓိကတော့ သတ်မှတ်ချက်ဖြစ်တဲ့ လူပျို၊ အပျိုတွေနဲ့ ကိုက်ညီသူတိုင်း လျှောက်ထားစေချင်ပါတယ်။ တချို့ သတ်မှတ်ချက်မကိုက်ညီဘဲ အချက်အလက်ပြင်တဲ့သူလည်း မနှစ်ကကြုံခဲ့ရတာမို့ တကယ်လို့ ကျွန်တော်တို့ဘက်က သိသွားလို့ ထုတ်လိုက်ရတာမျိုးဆိုလည်း နှစ်ဖက်လုံးအတွက် မကောင်းလို့ပါ။ ကျွန်တော့်ဘက်ကလည်း သေချာလေး စိစစ်ပြီးတော့ ရွေးချယ်သွားမှာပါ”လို့ ရွှေကြိုအကယ်ဒမီဗန်းကိုင်တာဝန်ရှိသူ ကိုချမ်းသာကြည်စိုး (မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အတွင်းရေးမှူး) က MT Entertainment ကို ပြောပါတယ်။
အဆိုပါ အကယ်ဒမီဗန်းကိုင်ဆောင်ကြမယ့် အမျိုးသား/ အမျိုးသမီးတွေက ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အသက် ၁၆ နှစ်ပြည့်ပြီးသူနဲ့ အသက်၂၅ နှစ် မကျော်လွန်သူ၊ အိမ်ထောင်မရှိသူ လူပျို/အပျိုဖြစ်ရမှာလည်းဖြစ်ပါတယ်။ အမျိုးသားအရပ်အမြင့်အနေနဲ့ (ဖိနပ်မပါ) ၅ ပေ ၆ လက်မကနေ ၆ ပေအထိနဲ့ အမျိုးသမီးအရပ်အမြင့် အနေနဲ့ (ဖိနပ်မပါ) ၅ ပေ ၂ လက်မ ကနေ ၅ ပေ ၈ လက်မအတွင်း ဖြစ်ရမှာလည်းဖြစ်ပါတယ်။ ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူနဲ့ ကိုယ်ခန္ဓာအချိုးအစား ပြေပြစ်သူဖြစ်ရမှာ ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီပါက လျှောက်လွှာတွေကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ်(၁၆)၊ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာ လျှောက်လွှာကို နိုဝင်ဘာ ၂၄ ရက်နေ့ကနေ စတင်ထုတ်ယူနိုင်ပြီး ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီ မတိုင်မီ နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
ရွှေကြိုမောင်/မယ်တွေကို Voting စနစ်၊Application ကနေ တစ်ဆင့် Point တွေကနေ ရွှေကြိုမောင်/ မယ်တွေကို ရွေးချယ်ပေးသွားမယ်လို့လည်း သိရပါတယ်။
#ချမ်းသာကြည်စိုး #ChanTharKyiSoe
#အကယ်ဒမီဗန်းကိုင် #ရွှေကြို #ရွှေကြိုမောင်မယ် #ShweKyo
#မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး #MMPA #အကယ်ဒမီရွှေကြို









