၂၁. ၁၁. ၂၀၂၅
Written by Nyein Kyaw
အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို နိုဝင်ဘာ ၂၀ ရက် (ယမန်နေ့) တွင် ဆက်လက်ကျင်းပရာ ကျောက်မျက်အတွဲပေါင်း ၁၆၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်မျက်အတွဲပေါင်း ၆၇ တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။
အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပခဲ့ပြီး နိုင်ငံတော်အကြီးအကဲ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပြပွဲကို နိုဝင်ဘာလ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။


မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပခဲ့ရာ ပုလဲအတွဲပေါင်း ၂၄၄ တွဲ ရောင်းချခဲ့ရပြီး တတိယနေ့ကို နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပခဲ့ရာ ပုလဲအတွဲပေါင်း ၂၁၉ တွဲ ရောင်းချခဲ့ရကြောင်း ကြေညာထားသည်။
ထို့ပြင် ပြပွဲ ပဉ္စမနေ့ကို နိုဝင်ဘာ ၂၁ ရက် (ယနေ့) တွင် ဆက်လက်ကျင်းပမည်ဖြစ်ရာ ရောင်းချမည့် ကျောက်စိမ်းအတွဲ အမှတ် (၁) မှ (၁၀၀၀) အထိကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက နိုဝင်ဘာ ၂၀ ရက် (ယမန်နေ့)က ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းထားကြသည်။
ကျောက်မျက်ပြပွဲ ကျင်းပမည့် နိုဝင်ဘာ ၁၇ ရက်မှ ၂၆ ရက်အထိ ကာလအတွင်း ကျောက်စိမ်းအတွဲ စုစုပေါင်း ၅၀၈၅ တွဲ၊ ကျောက်မျက်ရိုင်းအတွဲ ၁၃ တွဲနှင့် ကျောက်မျက်လက်ဝတ်ရတနာအတွဲ ၁၄၇ တွဲ စုစုပေါင်းအတွဲ ၁၆၀ နှင့် ပုလဲအတွဲ ၄၈၉ တွဲကို ရောင်းချပေးသွားမည်ဖြစ်သည်။ ပြပွဲတွင် အသုံးပြုမည့် နိုင်ငံခြားငွေအမျိုးအစားများမှာ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစားတို့ဖြစ်သည်။
