၁၇.၁၁ ၂၀၂၅
Written by Hey Mar
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက အလုပ်သွားဖို့ ကားစောင့်နေတဲ့ မြန်မာလုပ်သားတွေကို အလုပ်သမားလာကြိုတဲ့ နှစ်ထပ်မှန်လုံကားကြီးက စက်ချို့ယွင်းကာ အရှိန်လွန်ဝင်တိုးတိုက်ခဲ့တဲ့အတွက် သေဆုံးခဲ့ရသူ မြန်မာလုပ်သား ကိုစိုးလင်းဦးကို ထိုင်းနိုင်ငံ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေအရ ဘတ်ငွေ ၁၀ သိန်း နစ်နာကြေးရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံက အလုပ်သမားအရေးကူညီဆောင်ရွက်ပေးတဲ့ Worker Alliance Group ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ထိုင်းနိုင်ငံ၊ ချွန်ပူလီမြို့၊ ဂျက်လစင်ဟွေ့ပါကွန်ဒိုအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘန်ဝဒယ်အိုးရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ကိုစိုးလင်းဦး(၃၀)နှစ်ဟာ အလုပ်သွားဖို့အတွက် အဆိုပါကွန်ဒိုအနီးရှိ ဆိုင်မဖွင့်သေးတဲ့ ဖုန်းဆိုင်ရှေ့မှာ ကားစောင့်နေစဉ် အလုပ်သမားတွေကိုလာကြိုတဲ့ နှစ်ထပ်မှန်လုံကားက အရှိန်လွန်ပြီးဝင်တိုက်ခဲ့တာကြောင့် အခင်းဖြစ်နေရာတင် ပွဲချင်းပြီးဆုံးသွားခဲ့ပြီး ကိုစိုးလင်းဦးနဲ့အတူ တခြားမြန်မာအလုပ်သမား (၃) ဦးလည်း ဒဏ်ရာအပြင်းအထန်ရခဲ့တာလို့ သိရပါတယ်။
အဆိုပါ ယာဉ်မတော်တဆတိုက်မိခဲ့မှုကြောင့် ကိုစိုးလင်းဦးမှာ ဖရာထိုင်းဆေးရုံကြီးဆီ ပို့ဆောင်ကုသမှုခံစဉ် သေဆုံးသွားခဲ့တာကြောင့် ကိုစိုးလင်းဦး သေးဆုံးသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကားမတော်တဆမှု အာမခံကြေး၊ အလုပ်သမား လျော်ကြေး၊ အသက်အာမခံကြေး စတဲ့ အာမခံကြေး သုံးမျိုးကနေရရှိတဲ့ နစ်နာကြေးကို သေဆုံးသူရဲ့ အစ်ကိုဖြစ်သူကိုယ်တိုင် လာရောက်ထုတ်ယူခဲ့ရာ ဒီနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ နစ်နာကြေးငွေ ထိုင်းဘတ် (၁၀)သိန်း ကိုရရှိခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်စဉ် အချိန်က သေဆုံးသူရဲ့အစ်ကိုဖြစ်သူကလည်း သေမှုသေခင်းနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို နားမလည်တာကြောင့် WAG ထံ လာရောက်အကူအညီတောင်းခံလို့ အခုလို လိုက်လံ ကူညီဆောင်ရွက်ခဲ့ရာ ဖြစ်စဉ် ဖြစ်ပြီး တစ်လအတွင်း အမှုပြီးမြောက်ကာ နစ်နာကြေးရရှိခဲ့တာလို့လည်း သိရပါတယ်။
