၁၇.၁၁.၂၀၂၅
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံ၊ ယုံချွန်မြို့ အရှေ့တောင်ပိုင်းရှိ အမြန်လမ်းမကြီးပေါ်တွင် နိုဝင်ဘာလ ၁၇ ရက် နံနက်အစောပိုင်းက ဓာတ်ငွေ့ရည်တင် ထရပ်ကားတစ်စီးအပါအဝင် ယာဉ် ၁၃ စီးတို့ ဆင့်ကဲတိုက်မိမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြာင်း သိရသည်။
ယာဉ်တိုက်မှုက ဆိုးလ်မြို့၏အရှေ့တောင်ဘက် ၃၂၀ ကီလိုမီတာခန့်အကွာရှိ ဆန်ဂျူး-ယုံချွန် အမြန်လမ်းမကြီးပေါ်ရှိ ရှင်ယုံလမ်းဆုံအနီးရှိ တံတားတစ်စင်းပေါ်တွင် နိုဝင်ဘာလ ၁၇ ရက် နံနက် ၃ နာရီ ၁၂ မိနစ်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တစ်စီး၏နောက်ပိုင်းကို အခြားတစ်စီးက ဆက်တိုက် တိုက်မိကြရာမှ ဆင့်ကဲတိုက်မိမှုများဖြစ်ခဲ့ရခြင်းဖြစ်သည်။ ပြင်းထန်သော အကြီးစားလောင်စာဆီ လီတာ ၂၄,၀၀၀ တင်ဆောင်လာသော ၂၆ တန်ရှိ ဓာတ်ငွေ့ရည်တင် ထရပ်ကားက ၂၅ တန်ကုန်တင်ထရပ်ကားကို နောက်မှဝင်တိုက်မိခဲ့ရာမှ ဆက်တိုက်ယာဉ်တိုက်မှုများ စတင်ဖြစ်ပွားခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ သည်။
ထို့နောက်တွင် ၁၄ တန်ရှိ ထရပ်ကားတစ်စီးကလည်း ဓာတ်ငွေ့ရည်တင် ထရပ်ကားကို နောက်မှ ဝင်တိုက်မိခဲ့ပြီး ခရီးသည်တင်ကားများနှင့် ဘတ်စ်ကားတစ်စီးအပါအဝင် အခြားယာဉ်ခုနစ်စီးတို့မှာလည်း ဆက်တိုက် တိုက်မိမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။
ထို့ပြင် ထရပ်ကားတစ်စင်းပေါ်တွင် သယ်ဆောင်လာသော အိမ်ဆောက်ပစ္စည်း အများအပြားသည် ဆန့်ကျင်ဖက်ယာဉ်ကြောပေါ်သို့ပြုတ်ကျခဲ့ပြီး ခရီးသည်တင်ကားတစ်စီး၊ အခြားဓာတ်ငွေ့ရည်တင်ထရပ်ကားတစ်စင်းနှင့် ၁၃ တန်ကုန်တင်ထရပ်ကားတစ်စင်းတို့မှာ လမ်းပေါ်ပြုတ်ကျနေသောအရာဝတ္ထုများကို ရှောင်ရှားရန်ကြိုးစားရင်း ထပ်မံတိုက်မိခဲ့ကြပြန်သည်။
ဖြစ်ရပ်၌ ခရီးသည်တင်ကားမောင်းသူနှစ်ဦးနှင့်ထရပ်ကားမောင်းသူတစ်ဦး သေဆုံးခဲ့ပြီး အခြားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဘတ်စ်ကားပေါ်ရှိ ခရီးသည် ၂၀ ခန့်မှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ဓာတ်ငွေ့ရည်တင် ထရပ်ကားတစ်စီး၊ ၁၄ တန်ကုန်တင်ကားတစ်စီးနှင့် နှစ်တန်ခွဲရှိကုန်တင်ကားတစ်စီး မီးလောင်ခဲ့သော်လည်း နှစ်နာရီ ၃၀ မိနစ်အကြာတွင်မူ လုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုတွင် ပါဝင်ခဲ့သော ဓာတ်ငွေ့ရည်တင် ထရပ်ကားတစ်စီးမှ ဆီများသည် အနီးအနားရှိ စပါးခင်းများနှင့် ရေလမ်းကြောင်းများထဲသို့ စီးဝင်သွားကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။
Ref- Yonhap


