နေမိုး
၁၇. ၁၁. ၂၀၂၅
ရာအိမ်မှူးတစ်ဦးကို NUG ဩဇာခံ PDF ပစ်သတ်ပြီး အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ပြည်သူ့စစ်တစ်ဦးကိုဖမ်းဆီးကာ ကားပါမီးရှို့သွားမှု ကံမမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ သာဇီကျေးရွာနေသူများဖြစ်ကြသည့် သာဇီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း(၅၇)နှစ်၊ သာဇီကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် ဦးရဲအောင်(၄၇)နှစ်နှင့် ဇီးဖြူကွင်းကျေးရွာ ရာအိမ်မှူး ဦးအောင်မြိုင်(၅၃)နှစ်တို့သည် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှ သာဇီကျေးရွာသို့ ပုသိမ်-မုံရွာကားလမ်းအတိုင်း မော်တော်ယာဉ်တစ်စီးဖြင့် မောင်းနှင်လာစဉ် ကံမမြို့နယ်၊ စီကျေးရွာအနီး ပြကြီး-ကံမလမ်းဆုံနေရာအရောက်၌ PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့၍ ဦးအောင်မြိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးအောင်ဝင်းနှင့် ဦးရဲအောင်တို့ နှစ်ဦးအား အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် မော်တော်ယာဉ်အား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ ရပ်ကျေးအုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
